စစ်တပ်၏ ဓာတုလက်နက် အန္တရာယ် သတိထားရန် အာရက္ခပြည်သူ့ ကျန်းမာရေးဌာန အသိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။

စစ်အုပ်စုတပ်၏ ဓာတုလက်နက် အန္တရာယ်ကို သတိထားကြရန်နှင့် အဆိပ်သင့် လက္ခဏာများ ရှိ၊ မရှိ စောင့် ကြည့်ကာ ဓာတုအဆိပ်တစ်မျိုးမျိုးနှင့် ထိတွေ့မှုရှိခဲ့ပါက ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး လာရောက်ပြသ ကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရသေ့တောင်မြို့နယ်အတွင်း စစ်အုပ်စုတပ်၏ ဗုံးကြဲတိုက်ခိုက်မှု ခံခဲ့ရသည့် နေရာများနှင့် နွားစားကျက်များ၌ နွားများ ရုတ်တရက် သေဆုံးမှုများ ရှိလာပြီးနောက် ယခုကဲ့သို့ အသိပေး ထုတ်ပြန်လာခြင်း ဖြစ်သည်။

ရသေ့တောင်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရိုးရိုးဗုံးကြဲတာတောင် ကြောက်နေတာကို အခုက ဓာတုဗုံးဆို တော့ ပိုကြောက်သွားတာပေါ့၊ ကျွန်မတို့ပြောသံကြားတာ ရသေ့တောင် ကျောက်တန်းနယ်မှာပါ။ နွားတွေသေ တယ်၊လူတွေလဲ ယားယံသလိုဖြစ်တယ်လို့ ဆိုကြတယ်၊တော်တော် ကြောက်နေကြပြီး လူပြောများနေတယ်။ တပ်တော်ကလည်း အခုကိစ္စ ဂရုစိုက်နေတယ် ဟု ပြောသည်။

ဓာတုလက်နက်များမှ ထွက်ရှိသည့် အဆိပ်ဓာတ်ငွေ့၊ အရည်နှင့် အမှုန့်များသည် ပတ်ဝန်းကျင်တွင် ပုံစံမျိုးစုံဖြင့် တည်ရှိနေနိုင်ပြီး ခန္ဓာကိုယ်အတွင်းသို့ အဆုတ်၊ အရေပြား၊ မျက်လုံးနှင့် အမြှေးပါးများမှတစ်ဆင့် ဝင်ရောက်နိုင် ကြောင်း၊ ဓာတုအဆိပ်သင့်မှုကြောင့် အရေပြား၊ မျက်စိ၊ အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော၊ အစာအိမ် အူလမ်းကြောင်းနှင့် ကြွက်သားအဖွဲ့အစည်းများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

ဓာတုလက်နက် (Chemical Weapons) ဆိုသည်မှာ လူသားများ အထူးပြု ဖန်တီးထားသော အဆိပ် (Man-made Poison) ဖြစ်ပြီး ဓာတ်ငွေ့၊ အရည်၊ အမှုန့်များအဖြစ် ထုတ်လုပ်ကာ အမြောက်ကျည်၊ ဒုံးကျည်၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးသီးများတွင် ထည့်သွင်း ပစ်ခတ်တိုက်ခိုက်လေ့ ရှိသည်။

ထိခိုက်ဒဏ်ရာ မရှိသော်လည်း အဆိပ်သင့် လက္ခဏာရှိသူများ၊ ရရှိထားသည့် ဒဏ်ရာနှင့် မသက်ဆိုင်သည့် ဝေဒနာ ခံစားနေရသူများ၊ ပုံမှန်မဟုတ်သော အနံ့၊ အရည်၊ အငွေ့များနှင့် ထိတွေ့ပြီးနောက် အဆိပ်သင့် လက္ခဏာ များ ပြသလာသူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ ပုံမှန်မဟုတ်ဘဲ အစုလိုက်အပုံလိုက် သေဆုံးမှုများ ရှိပါက ဓာတု အဆိပ်သင့်မှုဟု ယူဆနိုင်သည်။

AA ထုတ်ပြန်ချက်က ကြုံတွေ့ရနိုင်သော အဆိပ်သင့်လက္ခဏာများမှာ အဆိပ်နှင့်ထိတွေ့ မိပြီး အစပိုင်းတွင် မျက်ရည်ကျခြင်း၊ မျက်စိစပ်ခြင်း၊ မျက်သားရောင်ခြင်း၊ မျက်ကြည်လွှာပျက်စီးခြင်းနှင့် မျက်စိ ယာယီ မမြင် ရခြင်း၊လည်ခေါင်းနာခြင်း၊ အသံဩခြင်းများ ခံစားရမည် ဖြစ်ပါသည် ဟု ဆိုသည်။

ထို့ပြင် နာရီပေါင်းများစွာ ကြာမြင့်ပြီးနောက် အရေပြားများ နီရဲနာကျင်လာခြင်း၊ ရောင်ရမ်းခြင်း၊ အရည်ကြည်ဖု များ ထွက်လာခြင်း၊ အနာဖြစ်ပြီး မကျက်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောင်ရမ်း၍ ခြောက်ဆိုးခြင်းနှင့် အသက်ရှူရ ခက်ခဲလာခြင်းတို့ ခံစားရလေ့ရှိသည်။

ဓာတုလက်နက်များနှင့် တိုက်ခိုက်ခံရကြောင်း သံသယရှိပါက စိတ်ကို တည်ငြိမ်စွာထားရန်၊ ဓာတုပစ္စည်းများနှင့် ဝေးရာ ဟင်းလင်းပြင်၊ လေတင်ဘက်နှင့် အမြင့်ပိုင်းဘက်၌ နေထိုင်ရန်၊ ဝတ်ဆင်ထားသည့် အဝတ်အစားများကို ချွတ်၍ ပလတ်စတစ်အိတ်တွင် လုံခြုံစွာ ထည့်ထားရန်နှင့် ရေသန့်၊ ဆပ်ပြာတို့ဖြင့် ဆေး-သုတ်-ဆေး (Rinse Wipe Rinse) နည်းစနစ်အတိုင်း ဆေးကြောရန် ညွှန်ကြားထားသည်။ (ဆေး-သုတ်-ဆေး ဆိုသည်မှာ ရေနှင့် ဆေးချ၊ အဝတ်နှင့် သုတ်၊ ရေနှင့် ပြန်ဆေးချခြင်းကို ဆိုလိုသည်။) 

အဝတ်အစားများရှိ ခြည်မျှင်များတွင် ဓာတုအဆိပ်များ ခိုအောင်းနေတတ်သဖြင့် အဝတ်အစားများ ဖယ်ရှား လိုက်ခြင်းသည် ဓာတုအဆိပ်များကို ၈၀ ရာခိုင်နှုန်းခန့် ဖယ်ရှားပေးနိုင်ကြောင်းနှင့် မျက်လုံး၌ ထိခိုက်ပါက ရေ သို့မဟုတ် ၀.၉ ရာခိုင်နှုန်း ဆလိုင်း (0.9% Saline) တို့ဖြင့် ဆေးကြောသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ဓါတ်ပုံ – Arakan Princess Media