အင်ဒိုနီးရှား၏ ပထမဆုံးလေယာဉ်တင် သင်္ဘော တပ်တော်ဝင်တော့မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။
အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ စစ်ရေးသမိုင်းတွင် ပထမဆုံးဖြစ်လာမည့် လေယာဉ်တင်စစ်သင်္ဘောကို ရရှိတော့မည်ဖြစ်သည်။
အီတလီရေတပ်၏ သက်တမ်းရင့် Giuseppe Garibaldi လေယာဉ်တင်စစ်သင်္ဘောကို အစိုးရချင်း ထောက်ပံ့မှုစနစ် (Grant) ဖြင့် ရယူခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အီတလီစစ်သင်္ဘောများ၏ ခြံရံလိုက်ပါမှုဖြင့် အင်ဒိုနီးရှားသို့ ဦးတည်ခုတ်မောင်းလျက်ရှိသည်။
အဆိုပါ စစ်သင်္ဘောသည် စက်တင်ဘာ ၁၅ ရက်မှ ၂၀ ရက်အတွင်း ရောက်ရှိမည်ဟု ခန့်မှန်းထားသည်၊
စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည့် အခမ်းအနား၌ သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ကိုယ်တိုင် တက်ရောက်၍ KRI Gajah Mada ဟု အမည်ပြောင်းလဲကာ တရားဝင် လွှဲပြောင်းရယူမည်ဖြစ်သည်။
ဂျကာတာအစိုးရက ထိုသင်္ဘောကို တပ်ပေါင်းစုံသုံး ရဟတ်ယာဉ်တင် ပလက်ဖောင်းတစ်ခုအဖြစ် အဓိကထား အသုံးပြုမည်ဖြစ်ပြီး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ရေကြောင်းလုံခြုံရေး လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်သည်။
အရှေ့တောင်အာရှတွင် ပထမဆုံး လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်ထားသည့် ထိုင်းနိုင်ငံ၏ သင်္ဘောမှာမူ လည်ပတ်စရိတ်နှင့် နည်းပညာအခက်အခဲများကြောင့် ဆိပ်ကမ်း၌ ရပ်နားထားရပြီး၊ လက်ရှိတွင် ရဟတ်ယာဉ်များနှင့် ဒရုန်းများ တင်ဆောင်အသုံးပြုနိုင်သည့် ပလက်ဖောင်းအဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိသည်။