နတ်ရေကန် ဗျူဟာစခန်းသို့ ထိုးစစ်ဆင်သည့် စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာစခန်းသို့ စစ်အုပ်စုတပ်က စစ်ကြောင်းထပ်မံ ထိုးလာသဖြင့် ပဇီနှင့် ဂုတ်စီးရိုးကျေးရွာ အနီးတို့တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မင်းဘူး-အမ်း ကားလမ်းမကြီး အနီးဝန်းကျင်၌ တည်ရှိသည့် အဆိုပါ ကျေးရွာနှစ်ရွာလုံးမှ ဖြတ်ကာ နတ်ရေကန် ဗျူဟာစခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို AA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက မင်းဘူး-အမ်း ကားလမ်းမကြီး အနီးအနားက အေအေ စိုးမိုးနယ်မြေတွေမှာ စစ်တပ်စစ်ကြောင်း ဖြန့်ထိုးနေတာ အေအေက အထိုင်တိုက်နေရတဲ့ သဘောပါ။ ဂုတ်စီးရိုး ကျေးရွာနဲ့ ပဇီကျေးရွာက ဆယ်မိုင်နီးပါးဝေးတယ် ဒါပေမဲ့ စစ်ကြောင်းတွေက ကားလမ်းအတိုင်းလာတာ မဟုတ်ဘူး ပစ်လိုက် ပေးလိုက်နဲ့ စစ်တပ်က ပြန်ဆုတ်ထားတယ်လို့ ကြားတယ် နှစ်ရွာစလုံးမှာ အခုအထိ စစ်တပ်က စစ်ကြောင်းတက်ထိုးလိုက် အေအေကတိုက်လိုက် ပြန်ဆုတ်လိုက်နဲ့ဖြစ်နေတာ ဟု ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် ပဇီကျေးရွာ အနီး၌လည်းကောင်း၊ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် ဂုတ်စီးရိုးကျေးရွာ အနီး၌လည်းကောင်း ထိတွေ့တိုက်ပွဲများ အသီးသီး ပြင်းထန်ခဲ့သည်။

အဆိုပါ စစ်ရေးသတင်းရင်းမြစ်က မ်းတောင်ကြား ပဒါန်း-အမ်း လမ်းပိုင်းနဲ့ ဂုတ်စီးရိုးကျေးရွာက နီးတယ် ပဇီကျေးရွာကျတော့ မင်းဘူး-အမ်း ကားလမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်း ရိုးမတောင်ခြေနဲ့ပိုနီးတယ် ဟု ဆက် ပြောသည်။

လက်ရှိတွင် နတ်ရေကန် ဗျူဟာကုန်းကို AA နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များက ဝိုင်းပတ် ပိတ်ဆို့ထားသဖြင့် စစ်အုပ် စုတပ်က ပဒါန်းဘက်မှတစ်ဆင့် စစ်မှုထမ်းသစ်များ ပါဝင်သည့် စစ်ကြောင်းဖြင့် အင်အားဖြည့်တင်းရန် ကြိုးပမ်း နေခြင်း ဖြစ်သည်။

နတ်ရေကန် ဗျူဟာကုန်းနှင့် ၃ မိုင်ခန့်အကွာ ပဇီရွာအနီးတွင် စစ်ကြောင်း ထိခိုက်တိုက်ခိုက်ခံရစဉ် စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် အလင်းဝင်လာခြင်းများလည်း ရှိခဲ့သည်။

ထို့ပြင် AA ထိန်းချုပ်ထားသည့် ဂုတ်စီးရိုးကျေးရွာ စခန်းကို ပြန်လည်သိမ်းပိုက်ရန် စစ်အုပ်စုတပ်က စစ်ကြောင်း ထိုးလာရာ ရှေ့ပြေးတပ်စိတ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ဂုတ်စီးရိုး၊ ကမြင်းကန်နှင့် နတ် ရေကန်အနီးရှိ ကျေးရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ပဇီကျေးရွာ လမ်းဟောင်းအနီး တက်လာသည့် စစ်အုပ်စု စစ်ကြောင်းကို AA က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုဘက်မှ သေဆုံးထိခိုက်မှု များပြားခဲ့ သလို၊ ဩဂုတ်လ ၆ ရက်နေ့ကလည်း ဂုတ်စီးရိုးကျေးရွာ ထိုးစစ်အတွင်း အထိနာ၍ တပ်ပြန်ဆုတ်ခဲ့ရ သည်။

စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက နတ်ရေကန် တောင်ကြောရှိ စစ်ကူစခန်းများသို့ စစ်အုပ်စုက ရိက္ခာကား ၃ စီးဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့ပြီး၊ ရခိုင်-မကွေး ရိုးမပေါ်တွင် နတ်ရေကန် ဗျူဟာစခန်းကို အကြောင်းပြု၍ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သည်။

ဓာတ်ပုံ – (ပုံဟောင်း – Crd)