ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို ဖမ်းဝရမ်းထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

သမ္မတနှင့် ဇနီးဖြစ်သူအား လုပ်ကြံရန် ခြိမ်းခြောက်ခဲ့မှုဖြင့် ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေး (Sara Duterte) ကို အာဏာပိုင်များက ဖမ်းဝရမ်းထုတ်ပြန်လိုက်သည်။

ဒုတိယ သမ္မတ ဆာရာက ၂၀၂၄ ခုနှစ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မိမိသာ လုပ်ကြံခံရပါက သမ္မတ မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.)၊ သမ္မတကတော်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အား ပြန်လည်လုပ်ကြံရန် ကြေးစားလူသတ်သမားကို ငွေကြေးပေးငှားရမ်း ထားကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်ပြီး မေလက လွှတ်တော်၌ စွပ်စွဲပြစ်တင်မှု ပြုလုပ်ခဲ့ပြီးနောက် စက်ဆွန်မြို့နယ် တရားရုံးက ယခုကဲ့သို့ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယသမ္မတ၏ ရှေ့နေဖြစ်သူက တရားဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်းနှင့် အာမခံလျှောက်ထားမည်ဟု ပြောကြားသည်။

ဒု-သမ္မတ ဆာရာ ဒူတာတေးသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ သမီးဖြစ်သည်။  

အဆိုပါအမှုတွင် ပြစ်ဒဏ်ကျခံရပါက ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်အပါအဝင် နိုင်ငံရေးရာထူး ယူခွင့်များ အပြီးပိုင် ပိတ်ပင်ခံရမည်ဖြစ်သည်။