ဩစတြီးယား၌ ၁၄ နှစ်အောက် ကျောင်းသူများ ခေါင်းစွပ်ဝတ်ဆင်မှု ပိတ်ပင်သည် ဥပဒေပြဌာန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
ဩစတြီးယားနိုင်ငံ၌ စာသင်နှစ်သစ် စတင်ချိန်တွင် အသက် ၁၄ နှစ်အောက် ကျောင်းသူများ မွတ်စလင် အမျိုးသမီးသုံး ခေါင်းစွပ်အဝတ်အစား (Hijab) ဝတ်ဆင်ခွင့် ပိတ်ပင်သည့် ဥပဒေ စတင်သက်ရောက်လာသည်။
အဆိုပါဥပဒေသည် အမျိုးသမီးငယ်များ၏ အခွင့်အရေးနှင့် တန်းတူညီမျှမှုကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
သို့သော်လည်း ဩစတြီးယား မွတ်စလင် အဖွဲ့အစည်း (IGGÖ) က ဤဥပဒေသည် ဘာသာရေး လွတ်လပ်ခွင့်ကို ထိပါးခြင်းဖြစ်သည်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအထိ အယူခံဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ဥပဒေအရ စည်းကမ်းဖောက်ဖျက်ပါက ဆရာ၊ ဆရာမများက သတိပေးရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အုပ်ထိန်းသူများကို ယူရို ၈၀၀ (ကျပ် သိန်း ၅၀ ခန့်) အထိ ဒဏ်ရိုက်သွားမည်ဖြစ်သည်။
သို့သော် ကျောင်းဆရာ၊ ဆရာမအချို့နှင့် အတိုက်အခံ ပါတီများကမူ အဆိုပါဥပဒေသည် ဆရာများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ပဋိပက္ခများကို ပိုမိုကြီးထွားစေနိုင်ကြောင်း ဝေဖန်ထားကြသည်။