တရားမဝင် ပြည်ပလူပို့ဆောင်သည့် အမျိုးသမီး ၂ ဦးကို AA ဖမ်းဆီးအရေးယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
ရခိုင်ပြည်အတွင်း ပြည်ပသို့ သွားရောက်အလုပ်လုပ်ရန် အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင် ဆောင်ရွက် ပေးနေသူများကို AA က လိုက်လံဖမ်းဆီးလျက်ရှိရာ မြောက်ဦးနှင့် ပလက်ဝမြို့နယ်တို့တွင် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးအရေးယူထားသည်။
မြောက်ဦးမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် အကျိုးဆောင်လိုင်စင်မရှိဘဲ ပြည်ပ၌ အလုပ်လုပ်ရန် တရားမဝင် လူပို့ဆောင်နေသည့် အမျိုးသမီး ၂ ဦးအား ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ (၂၆) ဖြင့် ဒီလပ် (မြို့မ ရဲစခန်း) က ဩဂုတ်လ ၃၀ ရက်တွင် အမှုဖွင့် အရေးယူထားခြင်း ဖြစ်သည်။
အဆိုပါ တရားခံများကို ဩဂုတ်လ ၁၀ ရက်နှင့် ၁၄ ရက်တို့တွင် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့နှင့် မြောက်ဦးမြို့ နယ်၊ အိုးထိမ်းရွာတို့၌ အသီးသီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာနေ အသက် ၃၀ နှစ်အရွယ်၊ မယဉ်ယဉ်ဝင်း နှင့် ပလက်ဝမြို့နယ်၊ ဟုန်းရွာနေ အသက် ၂၀ အရွယ် မခိုင်မြတ်မွန်တို့သည် ပြည်ပသို့ လူပို့ဆောင်သည့် အလုပ်ကို လုပ်ကိုင်ရန် နှစ်ဦးသဘောတူ ညီချက်ဖြင့် ပြည်ပနိုင်ငံများနှင့် ရန်ကုန်မြို့သို့ သွားလိုသူများကို ရှာဖွေပေးနေစဉ် ဩဂုတ်လ ၁၀ ရက် ညပိုင်းတွင် ကျင်ဒွေးမြို့ရှိ နေအိမ်တစ်အိမ်၌ အာရက္ခတပ်တော် ထောက်လှမ်းရေးဌာနက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မြောက်ဦးမြို့မ ဒီလပ်စခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး အကျိုးဆောင်လိုင်စင်မရှိဘဲ ငွေကြေးရယူကာ ပြည်ပသို့ ပို့ဆောင်သူများကို ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ (၂၆) ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
ဒေသခံ ကုန်သည်အမျိုးသမီးတစ်ဦးက “ကျမတို့ကြားပါတယ် အခုကုန်သည်တွေကိုပါ စစ်ဆေးတာတွေ လုပ် မယ်လို့ ကြားထားတယ်။ အကျိုးဆောင် လိုင်စင်လုပ်ဖို့ သူတို့သက်ဆိုင်ရာနဲ့ စကားပြောရမယ်လို့ သိထား တယ်။ အခုက ရှင်းရှင်းလင်းလင်းသိဖို့လည်း လိုပါတယ်။ အေအေဘက်ကလည်း ပြည်တွင်းက ထွက်ခွာသူတွေ ကို စိစစ်နေတဲ့ ကာလဆိုတော့ သတိထားရပါတယ်။ ကုန်သည်တွေနဲ့ လိုက်ပြီး ပြည်မကို ဒါမှမဟုတ် နိုင်ငံခြား ကို ပလက်ဝက တဆင့် ထွက်တဲ့သူတွေ ရှိနေပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စုစုပေါင်း ဖမ်းဆီးခံရသူ အမျိုးသမီး ၆ ဦးရှိပြီး ၎င်းတို့အနက် အလုပ်အကိုင်ရှာဖွေရေး လိုင်စင် မရှိဘဲ အခကြေးငွေယူ၍ ရခိုင်ပြည်ပြင်ပသို့ သယ်ယူပို့ဆောင်ပေးသူ အမျိုးသမီး ၂ ဦးကို ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားသည်။
ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာရန် ကြိုးစားသူ အမျိုးသမီး ၄ ဦးအနက် ၂ ဦးမှာ မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး တစ်ဦးလျှင် ပွဲစားခ သိန်း ၅၀ ပေးအပ်ထားရသူများဖြစ်ကာ ကျန် ၂ ဦးမှာ ရန်ကုန်မြို့သို့ သွားရောက်မည် ဖြစ်ပြီး ပွဲစားလုပ်သူနှင့် အမျိုးတော်စပ်သည့်အတွက် ငွေကြေးပေးရန် မလိုဘဲ လိုက်ပါလာသူများဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေသူများ အလုပ်ရရှိရေးအတွက် သတ်မှတ်သည့် ဝန်ဆောင်ခရယူ၍ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ပေးသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်လိုပါ က လိုင်စင်ထုတ်ပေးရန် သက်ဆိုင်ရာ ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဟုလည်း AA က ထုတ်ပြန်ထားသည်။