ရုပ်ရှင် လုပ်ငန်း ကျဆုံးမသွားစေရန် ပြင်သစ်နှင့် တောင်ကိုရီးယား ပူးပေါင်းကြိုးပမ်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။
ပြင်သစ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ကမ္ဘာ့ရုပ်ရှင်နှင့် ရုပ်သံဖျော်ဖြေရေးကဏ္ဍ မြှင့်တင်ရန်အတွက် ယူရို ၁ ဘီလီယံ ပူးတွဲရင်းနှီးမြှုပ်နှံမည့် ၅ နှစ်တာ စီမံကိန်းကြီးကို ပူးတွဲ ထုတ်ပြန်လိုက်သည်။
ပြင်သစ်သမ္မတ အီမန်နူအဲလ် မက်ခရွန် နှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်း တို့သည် ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် ကျင်းပခဲ့သည့် လူမီယာ (Lumière) ထိပ်သီးအစည်းအဝေး၌ ယခုကဲ့သို့ ကြေညာခဲ့ကြခြင်းဖြစ်သည်။
နှစ်နိုင်ငံလုံးက ယူရို သန်း ၅၀၀ စီ အချိုးကျ ထည့်ဝင်ကာ ၂၀၂၇ မှ ၂၀၃၁ အထိ ရန်ပုံငွေများ စတင်မတည်ပေးသွားမည်ဖြစ်သည်။
အဆိုပါ ရန်ပုံငွေများကို နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီများ၊ နည်းပညာ သုတေသန လုပ်ငန်းများနှင့် ရုပ်ရှင်ပူးတွဲ ထုတ်လုပ်မှုများတွင် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်း ကလည်း တောင်ကိုရီးယားအနေဖြင့် ယခင် အောင်မြင်ခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ ဘာသာစကား အတားအဆီးများကို ကျော်လွန်နိုင်မည့် ကမ္ဘာ့အဆင့်မီ ရုပ်ရှင်များကို ပိုမို ဦးဆောင်ထုတ်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။
ယင်းမှာ စကားပြောကို အဓိက မထားဘဲ အမူအရာနှင့် ရုပ်ပုံများဖြင့် ဖော်ပြသည့် ရုပ်ရှင်ဇာတ်လမ်းများကို ထုတ်လုပ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ပြင် ပြင်သစ်သမ္မတ မက်ခရွန် က ဖန်တီးထားသည့် ဉာဏ်ရည်တု (AI) နည်းပညာများနှင့် ပတ်သက်၍ သတိပေးခဲ့သည်။
AI ကို အသုံးပြု၍ စာရေးဆရာများ၊ ရုပ်ရှင်ဖန်တီးရှင်များနှင့် အသံသရုပ်ဆောင်များ၏ နေရာတွင် အစားထိုးခြင်းသည် ကြီးမားသည့် အမှားအယွင်း ဖြစ်လာနိုင်ကြောင်းနှင့် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများကို ပိုမို တင်းကျပ်ရန် တောင်းဆိုခဲ့သည်။
ယင်းထိပ်သီးအစည်းအဝေးသို့ Netflix နှင့် NBCUniversal တို့ကဲ့သို့ ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း ထိပ်သီးခေါင်းဆောင်များအပြင်၊ ဟောလိဝုဒ် မင်းသားကြီး ဂျော့ချ် ကလူနီ (George Clooney) အပါအဝင် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ အနုပညာရှင်နှင့် စတူဒီယို အကြီးအကဲ ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။