ဘန်ကောက်တွင် မြန်မာကလေးငယ်များကို အဓမ္မခိုင်းစေပြီး ရောင်းစားသည့် လူကုန်ကူးဂိုဏ်း ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူနေအိမ်များကို ထိုင်းအထူးအဖွဲ့ (DOPA) နှင့် ရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့ရာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မိခင်ဖြစ်သူက ဘတ် ၃ သောင်းဖြင့် ရောင်းချထားမှုအပါအဝင် အဓမ္မခိုင်းစေခံနေရသည့် မြန်မာကလေးငယ်များနှင့် အမျိုးသမီးများကို ကယ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူများကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရသည်။
အောက်တိုဘာလ ၁၃ ရက်နေ့တွင် DOPA-S.W.A.T အထူးအဖွဲ့သည် ဘန်ကောက်မြို့၊ Ramkhamhaeng လမ်း ရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။ စီးနင်းမှုအတွင်း အိမ်တစ်လုံးမှ လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှု တို့ဖြင့် မြန်မာသံသယရှိသူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ စုစုပေါင်း ၆ ဦးကို ကယ်တင် နိုင်ခဲ့သည်။
ထိုင်းသတင်းများ၏ ဖော်ပြချက်အရ အဆိုပါ ဂိုဏ်းသည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်နှင့် မဲဆောက်မြို့ဘက် မှတဆင့် ကလေးငယ်များကို ခေါ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။
လူကုန်ကူးသူများသည် ကလေးများအား အိမ်ဖော်အလုပ်ပေးမည်၊ ကျောင်းထားပေးမည်နှင့် တရားဝင် စိစစ်ရေး ကတ်ပြားရရှိအောင် လုပ်ဆောင်ပေးမည်ဟု လိမ်လည်လှည့်ဖြားကာ ခေါ်ဆောင်လာခဲ့ပြီးနောက် ညဉ့်နက်သည် အထိ လူစည်ကားရာ နေရာများတွင် ပန်းနှင့် အဖျော်ယမကာများ အတင်းအကျပ် လှည့်လည်ရောင်းခိုင်းခဲ့ကြ သည်။
ထို့ပြင် DOPA အဖွဲ့၏ စစ်ဆေးချက်အရ Ramkhamhaeng ၁၂၀ လမ်းရှိ အိမ်တစ်လုံးတွင်မူ အသက် ၁၂ နှစ် အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးကို အိမ်ပိုင်ရှင်က ၎င်း၏ မိခင်ထံမှ ဘတ် ၃၀,၀၀၀ ဖြင့် ဝယ်ယူကာ အိမ် အလုပ်များ ခိုင်းစေရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
ထိုင်းသတင်းရင်းမြစ်များနှင့် DOPA အဖွဲ့၏ ထုတ်ပြန်ချက်များအရ လူကုန်ကူးခံရသည့် ကလေးများသည် ပစ္စည်းများ ကုန်အောင် မရောင်းနိုင်ပါက ဇွန်းပူဖြင့် တို့ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ထွက်မပြေးနိုင်ရန်အတွက် ၎င်းတို့၏ သက်သေခံ စာရွက်စာတမ်းများကို သိမ်းဆည်းခံထားရပြီး ရောင်းရငွေများ ကိုလည်း လူကုန်ကူးသူများ၏ ဘဏ်အကောင့်သို့ လွှဲပြောင်းပေးခဲ့ရသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိထားသူများကို လူကုန်ကူးမှုနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေတို့ဖြင့် စွဲချက်တင် အရေးယူထားသည်။
ကယ်ထုတ်ခဲ့သည့် မြန်မာကလေးငယ်များကိုမူ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ပေးနိုင်ရန် စောင့်ရှောက်ရေးစင်တာသို့ ပို့ဆောင်ထားသည်ဟု သတင်းများတွင် ဖော်ပြသည်။
ဓါတ်ပုံ – The Nation