စစ်ကိုင်း အထက်ပိုင်း ဝန်းသိုနယ်တွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဒေသခံများ တိမ်းရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်း အနောက်ဘက် အင်းတော်မြို့နယ်မှ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်သည် နမ်းခမ်းဒေသအထိ ထိုးဖောက်ရောက်ရှိလာပြီး နမ်းခမ်းနှင့် ထန်းတပင်ကျေးရွာဘက်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ဝန်းသိုမြို့တွင် စစ်တပ် တပ်ရင်းများ ရှိနေပြီး မြို့ပြင်နယ်မြေများကို တော်လှန်ရေး တပ်များက ထိန်းချုပ်ထားသည်။

အင်းတော်မြို့နယ် မဲဇာကျေးရွာဘက်မှ စတင်ထွက်ခွာလာသည့် စစ်အုပ်စု စစ်ကြောင်းသည် အောက်တိုဘာလ ၁၂ ရက်နေ့ကစတင်ကာ ဝန်းသိုမြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး တပ်လွင်၊ ကျောက်တောနှင့် ဆင်ကုန်း ကျေးရွာများဘက်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ယခုအခါ အဆိုပါစစ်ကြောင်းသည် မဲဇာနှင့် နမ်းခမ်းကြားရှိ ထန်းတပင်နှင့် ညောင်ကိုင်းကျေးရွာများဘက်သို့ ဆက်လက်တိုးလာကာ နမ်းခမ်းဒေသအထိ ရောက်ရှိလာခြင်း ဖြစ်သည်။

မဲဇာဒေသခံတစ်ဦးက “ဒီနေ့မနက်ကို တိုက်ပွဲဖြစ်နေတာ ထန်းတစ်ပင်မှာလည်း ဖြစ်နေတုန်းပဲ။ နမ်းခမ်းမှာ တော့ မနေ့ညက စစ်ကြောင်းရောက်လာပြီး တိုက်ပွဲဖြစ်နေကြတာ” ဟု အောက်တိုဘာလ ၁၉ ရက်နေ့က ပြောသည်။

နမ်းခမ်းတွင် ရွှေတူးဖော်မှုများ ရှိနေသည်။

နှစ်ဖက် တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများ ရှိနေသော်လည်း အသေးစိတ် အချက်အလက်များကို အတည် ပြုရန် ခက်ခဲနေဆဲ ဖြစ်သည်။

စစ်အုပ်စုတပ်သည် မြေပြင်စစ်ကြောင်းထိုးမှုများအပြင် Y-12 လေယာဉ်နှင့် ဂျက်ဖိုက်တာများကို အသုံးပြုကာ တိုက်ပွဲဧရိယာနှင့် ထန်းတပင်ကျေးရွာဘက်သို့ ဗုံးအလုံးပေါင်း ၃၀ ထက် မနည်း အကြောင်းမဲ့ ကြဲချတိုက်ခိုက်ခဲ့ သည်။

အခြား ဒေသခံအမျိုးသားတစ်ဦးက “တိုက်ပွဲဖြစ်ပွားနေတဲ့ ဆင်ကုန်းတို့၊ ကျောက်တောတို့၊ အဲ့ဘက် နေပြီးတော့ စစ် တပ်က ရှေ့တိုးလာပြီးတော့ အခုက ထန်းတပင်နဲ့ ညောင်ကိုင်းမှာရှိတဲ့ နမ်းခမ်းကြားမှာပဲ တိုက်ပွဲတွေ ဖြစ် တာပေါ့။ Y-12 နဲ့ ဗုံးတော့ ကြဲသွားတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ထန်းတပင်ရယ်၊ ညောင်ကိုင်းရယ်။ လေကြောင်း တိုက်ခိုက်မှု က နှစ်ကြိမ်ပေါ့။ ဝန်းသိုနယ်ထဲကို စဝင်တာကတော့ ၁၂ ရက်နေ့ကနေ စပြီးတော့ ဝင်တာ။ မဲဇာနဲ့ နမ်းခမ်း ကြားက ဒေသခံတွေလည်း ရှောင်ကြတယ်။ နမ့်ခမ်း ဂျိုးတောင်တို့ဘက်တွေကလည်း ရှောင်ကုန်ကြ ပြီ၊ ပစ္စည်းတွေလည်း သိမ်းထားကုန်ကြပြီ” ဟု ပြောသည်။

ထိုကဲ့သို့ လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် မဲဇာနှင့် နမ်းခမ်းအကြား၊ ဂျိုးတောင်နှင့် အနီးဝန်းကျင်ကျေးရွာကြီးများမှ ဒေသခံပြည်သူ သောင်းနှင့်ချီမှာ ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နမ်းခမ်းဒေသသည် ယခင်ကတည်းက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ကြုံတွေ့ရသည့်နေရာဖြစ်သဖြင့် ဒေသခံအချို့မှာ ကျေးရွာအတွင်း နေထိုင်ခြင်းမပြုဘဲ လယ်တောတဲများ၌ ကြိုတင်တိမ်းရှောင်နေထိုင်ကြခြင်း ကြောင့် တိုက်ပွဲဖြစ်ပွားချိန်တွင် ကျေးရွာအတွင်း ပိတ်မိသူ နည်းပါးမည်ဟု ခန့်မှန်းရသည်။

မဲဇာဒေသခံက “ပိတ်မိတာတွေကတော့ ရှိလားမပြောတတ်ဘူး။ ရှိရင်လည်းနည်းလောက် တယ်။ ဘာလို့လဲဆိုတော့ တော်တော်များများက ရှောင်ချိန်လည်းရထားတယ် ဆိုတော့လေ။ ပြီးတော့ နမ်းခမ်း က ခဏ ခဏ ဗုံးကြဲခံရတော့လေ။ ဒေသခံတွေက လယ်တောတဲတွေမှာ နေကြတယ်။ သူတို့လောက်ပဲကျန်မှာ ကျန်တာ တွေ အများစုကတော့ ရှောင်တိမ်းချိန်ရကြပါတယ်” ဟု ဆက်ပြောသည်။

နမ်းခမ်းနှင့် ဂျိုးတောင်ကျေးရွာများသည် ယခင်က စစ်အုပ်စုတပ်နှင့် ရဲစခန်းများ အခြေစိုက်ခဲ့သည့် နေရာများ ဖြစ်ပြီး လွန်ခဲ့သည့် ၃ နှစ်ဝန်းကျင်မှစတင်ကာ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများ ဖြစ်လာခဲ့သည်။

ထို့ပြင် နမ်းခမ်းသည် ရွှေတူးဖော်ရေးလုပ်ငန်းများဖြင့် စည်ကားသည့် ဒေသတစ်ခုဖြစ်ပြီး အာဏာမသိမ်းမီက မြို့နယ်ခွဲအဖြစ် သတ်မှတ်ခံခဲ့ရကာ ဒေသတွင်း စီးပွားရေးအတွက် အလွန်အရေးပါသော နေရာလည်း ဖြစ်သည်။

အထက်ပါ ဒေသခံအမျိုးသားက “နမ်းခမ်းမှာက ရွှေတွေလုပ်ကြတယ်။ ရွှေမှော်လုပ်ပြီး စည်ကားသွားတဲ့ရွာ ပေါ့။ တောင်သူတွေလည်းရှိတယ်။ ရွှေလုပ်ငန်းကတော့ အဓိကလုပ်ကြတာ ဟုတ်တယ်” ဟု ပြောသည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပါက ဒေသခံများ နေရပ်စွန့်ခွာရခြင်းအပြင် ဒေသတွင်း အဓိကစီးပွားရေး ဖြစ်သည့် ရွှေတူးဖော်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများပါ ရပ်ဆိုင်းသွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရ သည်။

ဝန်းသိုမြို့ပေါ်ရှိ စစ်အုပ်စု၏ ခမရ (၁၁၁) နှင့် ခမရ (၁၂၀) တပ်ရင်းများဘက်ကလည်း စစ်ရေးပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။ ထို့ကြောင့် ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက လည်း ဝန်းသို၊ ကောလင်းနှင့် ဗန်းမောက်မြို့နယ်များအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် လေကြောင်း တိုက်ခိုက်မှုအန္တရာယ်နှင့် မြေပြင်စစ်ကြောင်းများ၏ လှုပ်ရှားမှုကို အထူးသတိပြုကြရန် သတိပေး ထုတ်ပြန်ထား သည်။

ဓါတ်ပုံ – (ပုံဟောင်း / Crd)