ဧရာဝတီတွင် ဆန်တောင်းပွဲများ စတင်ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ် အချို့တို့တွင် ယခုရက်ပိုင်း ဆန်နှင့် အခြား စားသောက်ကုန်များကို လူအုပ်ဖြင့် လာရောက် တောင်းယူမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ကျောင်းကုန်း၊ လပွတ္တာ၊ ရေကြည်၊ မြောင်းမြ၊ မအူပင် မြို့နယ်များရှိ ကျေးလက်ဒေသက ကုန်စုံဆိုင် ပိုင်ရှင်အချို့ နှင့် ဆန်စက်ပိုင်ရှင် အချို့ ထံတွင် လူအုပ်စု ဖြင့် ရောက်ရှိလာပြီး တောင်းယူခြင်းဖြစ်သည်ဟု သိရသည်။
လပွတ္တာမြို့နယ်အတွင်းက ဆန်စက်ပိုင်ရှင်နှင့် နီးစပ်သူ တစ်ဦးက “လုယက်တယ် ဓါးပြတိုက်တယ်လို့တော့ မဟုတ်ပါဘူး။ ချက်စားဖို့ ဆန်ပေးပါ ဝိုင်းပြောလို့ ယူပါပြောတော့ ပါလာတဲ့ အိတ်လေးတွေနဲ့ ထည့်ယူသွားကြ တယ်” ဟု ပြောသည်။
စက်တင်ဘာလ ယခုလဆန်းပိုင်းက လပွတ္တာမြို့စွန်ရှိ ဆန်စက်သို့ လူ ၁၅ ဦးခန့်ရှိသည့် လူတစ်စု ရောက်ရှိလာပြီး ဆန်တောင်းသဖြင့် တစ်နိုင်တစ်ပိုင် သယ်သွားခွင့် ပြုလိုက်ရသည် ဟု ဆန်စက်ပိုင်ရှင် နှင့် နီးစပ်သူ အချို့က ပြော သည်။
ထို့အပြင် ဩဂုတ်လ ၂၇ ရက်နေ့တွင်လည်း ကျောင်းကုန်းမြို့နယ် နှင့် ကျံပျော်မြို့နယ် အကြား၊ ဝက်ချောင်း ကျေး ရွာအုပ်စု အတွင်းရှိ လက်လီလက်ကား ကုန်စုံဆိုင်တစ်ဆိုင်တွင် လူတစ်စုက ညအချိန်တွင် ရောက်ရှိလာပြီး ဆန်၊ ဆီ နှင့် ခေါက်ဆွဲခြောက်များကို တောင်းယူသွားသည်ဟုသိရသည်။
တောင်းယူသွားသူများမှာ ရွာခံများ မဟုတ်သော်လည်း မျက်နှာသိ ဒေသခံများလည်း ပါဝင်နေပြီး မရှိ နွမ်းပါး သူများ ဖြစ်နေသည့်အပြင် လုယက် ဖျက်ဆီးခံရမှု မဖြစ်အောင် အသာတကြည် ပေးလိုက်သည် ဟု ဆိုင်ပိုင် ရှင် က ပြောသည်။
ပုသိမ်မြို့တွင်မှု အုပ်စုဖွဲ့ ဆန်နှင့် ရိက္ခာတောင်းသည့် အဖြစ်အပျက်မျိုး မရှိသေးသော်လည်း မြို့ပေါ် ရှိ ကုန်စုံဆိုင် များတွင် စားသောက်ကုန် ဖောက်ထွင်း ခိုးယူခံရမှုနှင့် လူပြတ်သည့်လမ်းများတွင် လုယက်မှုများ မကြာခဏ ဖြစ်ပွါးနေသည် ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“အခြေခံ စားသောက်ကုန်နဲ့ လူသုံးကုန်တွေက နေ့စဉ်နဲ့အမျှ ဈေးတက်နေတယ်။ အလုပ်အကိုင်က ရှားလာ တယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှတတော့ အခုလို အုပ်စုဖွဲ့ အင်အားနဲ့ တောင်းတာကနေ ဆန်လုတာမျိုးတွေ ဖြစ်လာ နိုင်တယ်” ဟု အငြိမ်းစား ရဲဝန်ထမ်းဟောင်းတစ်ဦး က ပြောသည်။
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းမှ စတင်ကာ ဆန်စပါးဈေး တစ်ဟုန်ထိုး စံချိန်တင်မြင့်တက်ခဲ့ ပြီး စစ်တပ် အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ကထက် ဆန်စပါးဈေးနှုန်းမှာ ထက်ခေါက်ချိုး မြင့်တက်ခဲ့သည် ဟု ဒေသတွင်း ဆန်စပါးကုန်သည်များထံ မှသိရသည်။
အလားတူ မီးဖိုချောင်းသုံး စားသောက်ကုန်များ ဖြစ်သည့် ဆီ၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန့်ဖြူ နှင့် အာလူး တို့ လည်း စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ၃ ဆ မြင့်တက်လာသည်ဟု အိမ်ထောင်ရှင်မများ က ပြောသည်။
ထို့အပြင် နှစ်စဉ်စက်တင်ဘာလသည် လယ်ယာလုပ်ငန်းများ ရပ်ဆိုင်းလိုက်သည့် ထွန်းတုံးပိတ်ချိန်ဟု ခေါ်ပြီး ထွန်းတုံးပိတ်ချိန်ဆိုသည် မှာ စပါးသစ်ဆန်သစ်များ မပေါ်သေးဘဲ စပါးဟောင်း၊ ဆန်ဟောင်းများ ကုန်ဆုံးချိန်ဖြစ် ၍ နှစ်စဉ် ဆန်ဈေးများ တက်ချိန်လည်း ဖြစ်သည်။