လက်နက်ကြီးပစ်ခတ်မှုကြောင့် နန့်မွန်းဒေသခံများ ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့က လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် မကြာခဏပစ်ခတ်နေသောကြောင့် ရွာသားများ ဘေးလွှတ်ရာ ကို တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
ပြည်သူ့စစ်အဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘဲ မိုးညှင်းမြို့နယ်အတွင်းရှိ နန့်မွန်းမြို့ထဲ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“စဖြစ်တာက ညနေ ၃နာရီခွဲလောက်မှာ ဟုတ်တယ်။ သေနတ်သံ ကြားတာလေ။ ကြားတော့ သူတို့က ပစ်တာ က လည်း ရှမ်းနီပြည်သူ့စစ်တွေ ပစ်တယ်လို့ ပြောတယ်။ သေနတ်သံလည်းကြားတယ်။ လက်နက်ကြီးနဲ့ လည်း ပစ်တယ်။ အကုန်လုံးကလည်း ကြောက်ကြ၊ ပြေးကြ၊ အိမ်မှာလည်းပုန်းကြ” ဟု ပြောသည်။
ရှမ်းနီပြည်သူ့စစ်အဖွဲ့က ၎င်းတို့နေထိုင်သည့် နန့်မွန်းမြို့ထဲ တနင်္လာနေ့ (ဇန္နဝါရီလ ၂၁ ရက်နေ့) ညနေမှ စတင်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် “နောက်အင်္ဂါနေ့ကလည်းကျတော့လည်း မကောင်းလို့လေ။ သတင်းတွေထွက်တော့ အကုန်လုံး ပြေးကြတော့ အိမ်နားကလူတွေကလည်း တောတွေမှ လိုက်ပြေးကြအိပ်ကြဖြစ်ကြတာပါ။ အဲကြောင့် မနေ့ တုန်းက ကျမတို့လည်း နန့်မွန်းကနေ မိုင်းနောင်ကို ပြန်ခဲ့တယ်။ လမ်းမှာကလည်း ဘယ်သူမှမရှိဘူး။ တိတ်ဆိတ် သွားတာ ပေါ့ တစ်ရက်ကွက်လုံး။ မနေ့ညထိ မိုင်းနောင်မှာ သေနတ်သံပစ်တဲ့ အသံတော့ ကြားတယ်။ တိုက်ပွဲ မဖြစ်ဘူး သူတို့ဟာ သူတို့ပဲ ပစ်ကြတာသေနတ်တွေနဲ့” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။
နန့်မွန်းမြို့ခံ ပြည်သူများသည် ဇန္နဝါရီလ ၂၂ ရက်နေ့ (အင်္ဂါနေ့) မှ စတင်၍ ဇန္နဝါရီလ ၂၅ ရက်နေ့အထိ ဘေး လွှတ်နိုင်မည့် နေရာတွင် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည်။
နန့်မွန်းမြို့ခံများသည် ဟိုပင်မြို့ရှိ မိုင်းနောင်ကျေးရွာတွင် အချို့နှင့် တောတောင်ထဲတွင် အချို့ ထွက်ပြေးနေ ကြကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ နန့်မွန်းမြို့ထဲ ရမ်းသမ်းပစ်ခတ်နေသည့် ရှမ်းနီပြည်သူ့စစ်အဖွဲ့အား ၎င်းတို့၏ စခန်းနေရာကို အင်းတော်ကြီး PDF အဖွဲ့ကလည်း ဇန္နဝါရီလ ၂၃ ရက်နေ့တွင် သွားရောက် တိုက်ခိုက်ခဲ့သေးသည်ဟု အဖွဲ့ တာဝန်ရှိသူက ပြော သည်။
“ပြည်သူလူထုတွေကို အကြောင်းမဲ့ ဖမ်းဆီးငွေညှစ်နေလို့ သွားရောက် တိုက်ခိုက်ခြင်းပါ။ အထိခိုက်ကတော့ မသိရသေးဘူးပေါ့။ ပြည်သူတွေက ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတာ။ သူတို့က (ပြည်သူ့စစ်) တစ်မြို့လုံးကို မွှေနေတော့လေ အိမ်စောင့်လောက်ဘဲ ကျန်တော့တယ်။ ထိတွေ့တိုက်ပွဲ ငယ်လေးလို့ ပြောရမှာပေါ့။ စစ်ရေး ကတော့ နှစ်ဖက်တင်းမာနေတာတော့ ရှိတယ်။ ခပ်စိပ်စိပ် ဖြစ်လာနေတာပေါ့လေ။ ကြီးကြီးမားမား မဖြစ်သေး တာပါ” ဟု ပြောသည်။
အဆိုပါ ရှမ်းနီ ပြည်သူ့စစ်စခန်းကို အင်းတော်ကြီး PDF အဖွဲ့က ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် နှစ်ဖက်ကြား တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်သေး သော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်၍ ရွာသားများက နေရပ်ကို မပြန်ရဲကြသေးဘူးဟု ဆိုသည်။
ထို့အပြင် နန့်မွန်းမြို့ အနီးတဝိုက်တွင် KPDF အမည်ဖြင့် တပ်သားစုဆောင်းနေမှုများ ရှိသောကြောင့် ဒေသခံများ က စိုးရိမ်နေကြသည်။ သို့သော် မည်သည့်အဖွဲ့က တပ်သားစုဆောင်းနေသည်ကိုမူ အတိအကျ မသိရဘူးဟု ဆိုသည်။
“ဖြစ်လာပြီဆို ပြေးကြ။ သတင်းကလည်း ဖုံးကွယ်တာမျိုးတွေလည်း ရှိတယ်။ ဆိုင်ကယ်နဲ့ ပြေးကြ တချို့က လယ်တောတွေမှာ ပြေးကြတယ်။ အခုချိန်ထိ ပြန်လို့မရသေးဘူး။ နည်းနည်းသတင်းလေး နားစွန့်ပြီးတော့မှ ကောင်းမှပဲ ပြန်သွားရမှာ” ဟု နန့်မွန်းဒေသခံ တစ်ဦးက ပြောသည်။
နန့်မွန်းမြို့တွင် ကချင်နှင့် ရှမ်းနီ လူမျိုးများ အများဆုံးနေထိုင်သည့် ဒေသဖြစ်သည်။ အဆိုပါ နန့်မွန်းမြို့တွင် ရှမ်းနီ ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF တို့အကြား ယခင်က မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့ဘူးသည်။
ဇန္နဝါရီလ ၂၁ ရက်နေ့မှ စတင်၍ ဖြစ်ပွားနေသည့် ပစ်ခတ်မှုများထဲ မြို့တွင်း၌ ပိတ်မိနေသေးသည့် ပြည်သူများ လည်း ကျန်ရှိနေသေးသောကြောင့် နန့်မွန်းမှ ထွက်လာနိုင်ခဲ့သည့် စစ်ရှောင်များက ကျန်နေခဲ့သည့် မိသားစုဝင် များအတွက် စိုးရိမ်နေကြသည်။