ကရင်နီ အပါအဝင် နိုင်ငံအနှံ့ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်။ 

အင်အားကြီးမားသော ငလျင်ဒဏ်ခံထားရသော်လည်း စစ်ကောင်စီက လေယာဉ်ဗုံးကြဲမှုများကို ကရင်နီပြည်အပါအဝင် နိုင်ငံတလွှား ဆက်လက်ပြုလုပ်နေသည်။ 

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း မတ်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့်လူနေအိမ် တစ်လုံးနှင့် လမ်းပိုင်းတစ်ခု ပျက်စီးသွားခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ပြောသည်။

ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စု၊ ကလီးလျားကျေးရွာကို မတ်လ ၃၀ ရက်နေ့ ညနေ (၄)နာရီအချိန်တွင် စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံး တစ်လုံးနှင့် ပေါင် ၃၀၀ ဗုံး တစ်လုံး ကြဲချခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း လူနေအိမ်တစ်လုံးနှင့် လမ်းပိုင်းတစ်ခုပျက်စီး သွားခဲ့သည်ဟု IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောသည်။

ကရင်နီပြည်အတွင်း မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ဘုရားကျောင်းတစ်လုံး၏ အစိတ်အပိုင်းတစ်ချို့နှင့် စာသင်ကျောင်း ဆောင်တစ်ဆောင် အနည်းငယ်အက်ကွဲပြီး ရေထွက်ပေါက် ၂ နေရာ‌ ရေလျော့နည်းသွားခြင်း စသည့် အသေးစား ပျက်စီးမှုများလည်းရှိခဲ့သည် ဟု ဦးဗညား ကပြောသည်။ 

“ကွိုင်ငံရေထွက်ပေါက်တစ်ခုရယ် နန်းစံဖူး ရေထွက်ပေါက်ပေါ့နော်။ အားလုံးကတော့ ဒီးမော့ဆိုမြို့နယ်ထဲမှာ ရှိတယ်လို့ ပြောလို့ရတယ်ပေါ့နော်။“ 

သဘာဝဘေးကြောင့် ပြည်သူလူထုများ ဒုက္ခရောက်နေချိန် စစ်တပ်သည် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ လုပ်နေသည့်အတွက် လူသားမဆန်သည့် လုပ်ရပ်ဖြစ်သည်ဟု ဦးဗညားကပြောသည်။

အမှန်ကတော့ ဒီငလျင်ကာလမှာလည်းဖြစ်တယ်။ နောက်ပြန်လည်ထူထောင်ရေးကိစ္စ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေ အများကြီး လိုအပ်တဲ့ကာလမှာ အခုလိုမျိုး စစ်တပ်ကနေ လူသားမဆန်ပေါ့နော်။ နေရာ တော်တော် များများကို ဆက်လက်ဗုံးကြဲနေတာကတော့ အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။ နော်ကအခြားတစ်ဖက်မှာလည်း စစ်ကောင်စီက နောက်ထပ်သော လူသားမျိုးနွယ်စု အပေါ် ကျူး လွန်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ နောက်ထပ် သက်သေသာဓကတစ်ခု ဖြစ်တာပေါ့နော်။”

မြန်မာနိုင်ငံတစ်ဝှမ်းရှိပြည်သူလူထုများ ငလျင်ဘေးသင့်နေချိန်မှာပင်  စစ်တပ်က ပြည်သူလူထုနေထိုင်ရာနေရာ များကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်နေသည့်အပေါ်  ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ယခုကဲ့သို့ ပြောသည်။

“စစ်တပ်ကပြည်သူတွေဘေးသင့်နေတဲ့ အချိန်မှာ ဒီလေယာဉ်တွေနဲ့ကြဲတာကတော့ သူတို့ လူစိတ်မရှိဘူးလို့ ပြောလို့ရတယ်။ တိုင်းပြည်ရဲ့ အာဏာကို မတရားလည်းလုယူထားတယ်။ ပြီးတော့ ပြည်သူပေါင်း မြောက်များ စွာကို အကြမ်းဖက်သတ်ဖြတ်သလို လူငယ်တွေရဲ့ အနာဂတ်တွေကိုလည်း အကုန်လုံး ရိုက်ချိုး လိုက်တယ်။ အဆိုးဆုံးကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ၇.၇ ရှိတဲ့ ဒီငလျင်အကြီးစား အဲ့လိုလှုပ်ခတ်တဲ့ ငလျင်က အဏုမြူ ဗုံး ၃၀၀ ကျော်လောက်အထိ ပြင်းထန်တဲ့အတွက် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နေရာအနှံ့မှာ အကြီးအကျယ် ပြည်သူ တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ပြည်သူကို မကယ်ဘဲနဲ့ ဒီလိုလုပ်လိုက်တယ်ပေါ့နော်။ သဘာဝဘေး ဖြစ်နေတာ တောင်မှဘဲ ပိတ်မိနေတဲ့ ပြည်သူကို အချိန်မှီမကယ်ထုတ်ဘဲနဲ့ အခု လိုလုပ်တာက အင်မတန်မှ ရက်စက်တယ်လို့ မြင်မိပါတယ်။”

ပြည်သူများ ငလျင်ဘေးသင့်နေသော်လည်း စစ်ကောင်စီတပ်သည် ကရင်နီ အပါအဝင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းမြောက် စသည့်ဒေသများအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင် နေသည်။

မဇ္ဈိမ သတင်းဌာနနှင့် DVB သတင်းဌာနတို့၏ သတင်းပေးပို့ချက်များအရ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီသည် မြို့နယ် ၁၃ မြို့နယ်တွင် လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀ ပြုလုပ်ခဲ့သည်။