ဧပြီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၇၀ ကျော် သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။ 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် ဧပြီလထဲ၌ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၃ ဦး အပါအဝင် အမျိုးသမီးစုစုပေါင်း ၇၁ ဦး သေဆုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောသည်။

သေဆုံးသူများထဲ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အများဆုံး သေဆုံးရခြင်း ဖြစ်သည်ဟု BWU တွဲဖက်အထွေထွေ အတွင်းရေးမှူး- ၁ မဝေဝေလှိုင် က ပြောသည်။

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းထဲကို ပိုပြီးတော့မှ လေကြောင်းတိုက်ခိုက်မှုကို ဦးတည် လုပ်လာတာ ကြောင့် ဖြစ်တယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် အရပ်သားပြည်သူတွေ ဟာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ စစ်အုပ်စုက အပစ်ခတ်ရပ်စဲရေး ကြေ ညာထားသော်လည်းပဲ သူတို့စကားကိုမတည်ပဲ အရပ်သားပြည်သူကို ပစ်မှတ်ထားတာ အထူးသဖြင့် စစ်ကိုင်း တိုင်းကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဖြစ်တယ်။

ဧပြီလ တစ်လထဲ၌ပင် စစ်ကောင်စီ၏ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၉ ဦး၊ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ၇ ဦးနှင့် သတ်ဖြတ်ခံရမှုကြောင့် ၅ ဦး သေဆုံးခဲ့တယ်လို့ BWU က ထုတ်ပြန်သည်။

အမျိုးသမီး ၇၁ ဦးထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၃ ဦး ပါဝင်သည်ဟု BWU တာဝန်ရှိသူက ဆိုသည်။

မဝေဝေလှိုင်က အကြမ်းဖက် စစ်အုပ်စုဟာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက်ဆိုရင် ဘယ်သူ့ကိုမှ ဘယ်လို အခြေအနေမှာမှ မငှဲ့ညာပဲ ရက်ရက်စက်စက် သတ်ဖြတ်တဲ့စစ်အုပ်စုဖြစ်တယ်လို့ မှတ်ချက်ပေးချင်ပါတယ် ဟု ပြောသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၀ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄ ဦးနှင့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်က မုဒိမ်းပြုကျင့်မှုကြောင့်  ၁ ဦး စုစုပေါင်း အမျိုးသမီး အယောက် ၅၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု  BWU က ဆိုသည်။

ထို့အပြင် သဘာဝဘေး အန္တရာယ်ကြုံနေရသည့် ပြည်သူများကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများကိုလည်း ယခင်လများကထက် ပိုမိုအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတစ်ဝန်း အမျိုးသမီးသေဆုံးမှု ပိုမိုမြင့်မားလာရခြင်းနှင့် ပတ်သက်၍ မဝေဝေလှိုင်က အဓိက အကြမ်းဖက် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြီးတော့ လုပ်ဆောင်လာတာကြောင့်ဖြစ်တယ်။ အဲ့ဒါအပြင် ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တွေ ကျူးလွန်နေတဲ့ခါကြလို့ရှိရင် ကျူးလွန်နေ တဲ့ သူတွေက လက်နက်ကိုင်ထားတဲ့သူတွေက ပိုများတယ်။ လက်နက်ကိုင်ထားတဲ့သူတွေက သူတို့ကျူးလွန်တဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တွေ မုဒိမ်းမှုတွေ ကျူးလွန်ပြီးတဲ့ခါကြလို့ရှိရင် နှုတ်ပိတ်တဲ့ အနေနဲ့ ပစ်သတ်တာ နှုတ်ပိတ်တာတွေကြောင့်လို့မြင်တယ် ဟု မှတ်ချက်ပြု ပြောဆိုသည်။

ဧပြီလအတွင်း သေဆုံးခဲ့ရသည့် အမျိုးသမီးများမှာ စစ်ကိုင်းတိုင်းဒေသကြီးက ၃၀ ဦး၊ မန္တလေးတိုင်းဒေသကြီး ထဲတွင် ၁၄ ဦး၊ ပဲခူးတိုင်းဒေသကြီးထဲက ၅ ဦး၊ မကွေးတိုင်းဒေသကြီးက ၄ ဦး၊ ချင်းပြည်က ၄ ဦး၊ ရခိုင်ပြည်က ၄ ဦး၊ ကရင်ပြည်က ၄ ဦး၊ ကရင်နီပြည်က ၃ ဦး၊ မွန်ပြည်က ၂ ဦးနှင့် ရှမ်းပြည်က ၁ ဦးတို့ ဖြစ်ကြသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU အနေဖြင့် အမျိုးသမီးများ သေဆုံးရသည့် အခြေအနေ၊ အကြမ်းဖက်ခံရသည့် ဖြစ်စဉ်များကို နေ့စဉ်စာရင်းကောက်ယူနေပြီး နစ်နာသူများအတွက် တရားမျှတမှု တစ်စုံတစ်ရာ ဖော်ဆောင်ပေး နိုင်ရေးနှင့် ပြစ်မှုကျူးလွန်သူများကို ပြစ်မှုနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး သက်ဆိုင်ရာ အသီးသီးကို စည်းရုံးတိုက်တွန်းလှုံ့ဆော်မှုများ လုပ်ဆောင်လျှက်ရှိသည်။