တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ တပ်စခန်းများ ရှင်းလင်းပြီး လူထု မြှင့်တင်ရေးလုပ်မည်ဟု KNLA ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်။

ပြည်သူများအတွက် အနာဂတ်တွင် ကောင်းမွန်သည့် လူမှုဘဝနှင့် လုံခြုံမှုကို ရရှိရန် တနင်္သာရီတိုင်းထဲတွင် ရှိနေ သည့် စစ်ကောင်စီတပ်များ အားလုံးကို မောင်းထုတ်မည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU/KNLA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ပြောသည်။

တနင်္သာရီ ကမ်ပိန်းနှင့် ပတ်သက်ပြီး တိုက်တွန်းအားပေးသည့် ရုပ်သံထဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ထည့်သွင်း ပြောဆိုထား သည်။

၎င်းက အခုအချိန်ဟာ တနင်္သာရီ တစ်လျှောက်လုံးနဲ့ တပ်မဟာ ၄ နယ်မြေ တစ်ခုလုံးမှာရှိနေတဲ့ နေရာအများစု က ပြည်သူတွေရဲ့ လုံခြုံရေးအတွက်နဲ့ ကျနော်တို့ နယ်မြေထဲမှာရှိတဲ့ ရန်သူတွေ အားလုံးကို မောင်းထုတ်ရမယ် ဟု ပြောသည်။

ထို့အပြင် တနင်္သာရီတိုင်းရှိ စစ်ကောင်စီတပ် အားလုံးကို မောင်းထုတ်မှသာ အနာဂတ်တွင် ပြည်သူလူထုအတွက် လုံခြုံစိတ် ချသည့် လူမှု့ဘဝကို ဖန်တီးနိုင်မည်ဟု ဆက်ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ပြီးတော့ ကျနော်တို့ လူမျိုးအတွက် စစ်မှန်ပြီး မှန်ကန်တဲ့ အုပ်ချုပ်ရေး စနစ်ကို တည်ဆောက်ရမယ်။ အနာဂတ်မှာ တခြားလူမျိုးတွေနဲ့အတူ အသက်ရှင်နေထိုင်ဖို့ အတွက်နဲ့ ကျနော်တို့ လူမျိုးတွေရဲ့ ပြီးပြည့်စုံတဲ့ လူမှုဘဝနေထိုင်မှု ရရှိဖို့အတွက် တနင်္သာရီ ကမ်ပိန်းမှာ လိုအပ်နေတဲ့ အထောက်အပံ့တွေကို တနင်္သာရီ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကျနော်တို့ လူမျိုးတွေအပြင် အခြေားသော နေရာဒေသတွေမှာရှိတဲ့ ကျနော်တို့ လူမျိုးတွေအားလုံး ပူးပေါင်းပါဝင် အင်အားဖြည့်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်ဟု ပြောသည်။

အဆိုပါ ပြောဆိုမှုကို တနင်္သာရီ ကမ်ပိန်းက ရုပ်သံနှင့် မေလ ၁၂ ရက်နေ့ (ယမန်နေ့) ထုတ်ပြန်ထားသည်။

တနင်္သာရီ ကမ်ပိန်း ဥက္ကဋ္ဌ စောနေထူးကလည်း တနင်္သာရီ ကမ်ပိန်း ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို 

ယခုကဲ့သို့ ပြောသည်။

စောနေထူးက ဒီဒေသကြီးသည် ကရင့်တော်လှန်ရေးအတွက် လူသားအရင်းမြစ်များအား ပြန်လည် စုဆောင်းဖြည့်တင်းရန်အတွက် အခြေခံ မြေခံ ကောင်းခြင်း၊ တနင်္သာရီတိုင်းရှိ ပြည်သူများရဲ့ အာဏာရှင် ကျရှုံးခြင်းနဲ့ ငြိမ်းချမ်းတည်ငြိမ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်လိုသည့် သဘောထားသည်လည်း မိမိတို့ ကရင်တော်လှန်ရေးလမ်းစဉ်နဲ့ ကိုက်ညီခြင်း ရန်သူ၏ စီးပွားရေး ကုန်သွယ်ခြင်းနဲ့ ရင်းနှီးမြုပ်နှံမှုကို ရိုက်ချိုးနိုင်ခြင်းဖြင့် ပြည်ပမဟာ အင်အားကြီး နိုင်ငံများရဲ့ ဝင်ရောက်စွတ်ဖက်မှုကို ဟန့်တားနိုင်စေရန်အတွက် ဒီကမ်ပိန်းကို ကျနော်တို့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ် ဟု ပြောသည်။

ထို့အပြင် အကြောက်တရားများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများကို အကာအကွယ်ပေးရန်၊ တည်ငြိမ်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးကို ပြန်လည် တည်ဆောက်ရန်နှင့် အာဏာရှင်ကို တနင်္သာရီတိုင်း ဒေသကြီးကနေ တွန်းထုတ်ရန်ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ တနင်္သာရီတိုင်းဒေသကြီးထဲတွင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံ ပြည်သူများ ၏ ကျေးရွာများနှင့် အိုးအိမ်များ ပျက်စီးရှုံးဆုံးမှုများ ရှိနေသည့်အပြင် လူဦးရေ တစ်သိန်းကျော်သည် လည်း ၎င်းတို့၏ နေရပ်ကို စွန့်ပြီး စစ်ဘေးရှောင်နေရသည်ဟု စောနေထူးက ပြောသည်။

၂၀၂၅ ခုနှစ်က စပြီး စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းထဲတွင် စစ်ရေး လှုပ်ရှားမှုများကို ပိုမိုတိုးမြှင့် လုပ် ဆောင်လာသည်သာမက နယ်စပ်ဒေသရှိ စီးပွားရေး၊ ကုန်သွယ်ရေး လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင် ရန်အတွက် ကုန်သွယ်ရေးလမ်းမများကို သိမ်းပိုက်ရန်  ကြိုးစားလာသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးကနေ မောင်းထုတ်မည့် တနင်္သာရီ ကမ်းပိန်ကို မေလ ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုကမ်ပိန်းမှ ဘတ် သုံးသန်း ရရှိရန် မျှော်မှန်းထား သည်ဟု စောနေထူးက ပြောသည်။