အိပ်မက်လည်း ပျက်၊ လူလည်းဆုံး ခဲ့ရတဲ့ နေပြည်တော်က လူငယ်လေးတွေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
နေပြည်တော် ကောင်စီ နယ်မြေ၊ ဥတ္တခရိုင် တပ်ကုန်းမြို့နယ်က လူငယ်လေး လေးယောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းမှာ မြောက်မြိုက်ရွာကနေ ခရီးစခဲ့ပါတယ်။
သူတို့လေးယောက်ကတော့ အသက် ၂၃ နှစ်အရွယ် ကိုဆန်းဝင်းကျော်နဲ့ အသက် ၂၁ နှစ်အရွယ် ကိုချစ်ဖြိုးကျော်တို့ ညီအစ်ကို နှစ်ယောက်၊ နောက်ထပ် ညီအစ်ကို ဝမ်းကွဲတော်တဲ့ သူ တစ်ယောက်နဲ့ ကိုဆန်းဝင်းကျော်ရဲ့ ဇနီး အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ မပပဝင်းခင်တို့ ဖြစ်ကြပါတယ်။
ညီ အငယ်ဆုံး ချစ်ဖြိုးကျော်ကတော့ Facebook အကောင့်မှာ သူတို့ ခရီးစဉ်အတွက် နှုတ်ဆက်စကားဆိုခဲ့ပါတယ်။ “နှုတ်ဆက်ခဲ့ပါတယ်။ မြောက်မြိုက်ရွာကြီးရေ၊ တစ်နေ့ ပြန်လာမယ်။ ချစ်ရတဲ့ သူငယ်ချင်းတို့ ခဏတော့ မင်းတို့နဲ့ခွဲခွာပြီး သူများနိုင်ငံမှာ လူရာဝင်ဖို့ ငွေအများကြီးရအောင် စီးပွားသွားရှာအုံးမယ်ကွာ” ဆိုပြီး Post မှာ ရေးတင်ထားခဲ့ပါသေးတယ်။
ပွဲစားတွေရဲ့ အကူအညီနဲ့ သူတို့ လေးယောက်ဟာ စက်တင်ဘာလ ၉ ရက်နေ့မှာတော့ ဘုရားသုံးဆူမှာ ရောက်နေပါပြီ။
လူသယ်ပို့တဲ့ ပွဲစားတွေဟာ သူတို့ အပါအဝင် မြန်မာ အလုပ်သမား ၂၂ ဦးကို စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းမှာ ထိုင်းနိုင်ငံဘက်ကို တိတ်တိတ်လေး သယ်ဆောင်လာပါတယ်။ သူတို့လှေနောက်မှာ တခြားမြန်မာလူငယ်တွေပါတဲ့ လှေ ၆ စီးလည်း ပါလာတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံက တည်ဆောက်ထားတဲ့ Vajiralongkorn ရေကာတာအတွင်းက ဆည်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ Thong Pha Phum ကို လှေနဲ့ ညမှောင်မှောင်မှာ လာခဲ့ကြတာပါ။
Thong Pha Phum ကို မရောက်ခင် ဆည်ထဲမှာပဲ ရေထဲမှာ ပေါလောမျောနေတဲ့ သစ်တုံးကြီးတစ်တုံးကို လှေက ဝင်တိုက်မိပါတယ်။
စက်လှေမှောက်ချိန်မှာတော့ ဝမ်းကွဲ အကိုဖြစ်တဲ့သူက ဝမ်းလျားမှောက်နေတဲ့ လှေကို ခိုရင်း သူ့ ဆွေမျိုးတွေကို ရှာကြည့်ပေမယ့် မတွေ့ဘူးလို့ ဆိုပါတယ်။
နောက်က ပါလာတဲ့ လှေ ၆ စီးက အဲဒီ ဝမ်းကွဲ အကိုနဲ့ တခြား လှေမှောက်ရာမှာပါလာတဲ့သူတွေကို တင်ခေါ်သွားခဲ့ကြပါတယ်။
ဒါပေမယ့် ကိုဆန်းဝင်းကျော်တို့ ညီအစ်ကိုနဲ့ မပပဝင်းခင်တို့ကတော့ ပါမလာကြတော့ပါဘူး။
စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင် ဆန်ခလဘူရီ ဒေသခံတွေဟာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃ ယောက်ရဲ့ အလောင်းတွေကို တွေ့ခဲ့တယ်ဆိုတဲ့အကြောင်း အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။
ထိုင်းပရဟိတ အဖွဲ့တစ်ဖွဲ့က တင်ထားတဲ့ သေဆုံးသူတွေရဲ့ ဓါတ်ပုံတွေကို ကြည့်တဲ့အခါမှာတော့ ကိုဆန်းဝင်းကျော်တို့ရဲ့ အကိုကြီး ဖြစ်သူက သေဆုံးသူ သုံးယောက်ဟာ ကိုဆန်းဝင်းကျော်၊ ကိုချစ်ဖြိုးကျော်နဲ့ မပပဝင်းခင်တို့ ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတော့တယ်။
Facebook အကောင့်မှာ ရွာကို နှုတ်ဆက်သွားခဲ့တဲ့ ကိုချစ်ဖြိုးကျော် တစ်ယောက်ကတော့ သူချစ်တဲ့ မြောက်မြိုက်ရွာကို ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ပါဘူး။