ရွေးကောက်ပွဲသည် ထောင်ချောက်သာဖြစ်ဟု ကလေးမြို့ လူထု တိုက်ပွဲ ကော်မတီ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။ 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ‘နိုင်ငံရေးထောင်ချောက်’ သက်သက်သာဖြစ်ဟု ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ ကြေညာလိုက်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ (KPSSC) က စစ်ကော်မရှင်က ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေခြင်း သာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီး ယင်းရွေးကောက်ပွဲကို ‘နိုင်ငံရေးထောင်ချောက်’ သက်သက်အဖြစ် ရှုမြင်ကြောင်း သဘောထား ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

KPSSC မှ ပထမဆုံးအကြိမ် လူထုတိုက်ပွဲညီလာခံကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ သဘောထားကို ထုတ်ပြန်ခြင်းဖြစ်သည်။

ကော်မတီအဖွဲ့ဝင်တစ်ဦးက စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပေါ် ၎င်းတို့၏ သုံးသပ်ချက်ကို အောက်ပါအတိုင်း ရှင်းပြသည်။

အခုဒီဇင်ဘာလကနေ စတင်ပြီးတော့ စစ်ကောင်စီကနေ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ကျနော်တို့ မြန်မာ နိုင်ငံရဲ့ သမိုင်းအဆက်ဆက်မှာ ဒီစစ်အာဏာရှင် အပါအဝင် စစ်အုပ်စုတွေရဲ့ နိုင်ငံရေးထွက်ပေါက် အဖြစ် လုပ် တယ်ဆိုတာ သာဓက ရှိထားပြီးပြီပေါ့။ ထိုနည်းတူစွာ အခု မင်းအောင်လှိုင် ဦးဆောင်တဲ့ ဒီစစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲကလည်း ထွက်ပေါက်မဟုတ်ဘူး နိုင်ငံရေးအရ စကစရဲ့ ထောင်ချောက်သက်သက်သာ ဖြစ်တယ် ဆိုတာကို ကျနော်တို့ ဆွေးနွေးပြီးတော့ နိုင်ငံရေး ထောင်ချောက်ဆိုပြီးတော့ ပြည်သူလူထုရဲ့ သဘောထားကို တင်ပြပြီးတော့ ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ပါတယ် ဟု ပြောသည်။

စစ်ကော်မရှင်တပ်သည် ၎င်းတို့၏ ရွေးကောက်ပွဲကို အကောင်အထည် ဖော်နိုင်ရေး အတွက် တော်လှန်ရေး အဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများကို ပြန်လည် စိုးမိုးထိန်းချုပ်ရန်၊ နယ်မြေချဲ့ထွင်ရန်အတွက် အပြင်းအထန် ကြိုးပမ်းနေကြောင်း KPSSC က ဆိုသည်။ 

ထိုသို့ ကြိုးပမ်းရာတွင် နေ့စဉ်နှင့်အမျှ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများလည်း ကျူးလွန်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

စစ်ကော်မရှင်၏ အပူတပြင်း ကြိုးပမ်းမှုကြောင့် ပြည်သူလူထုမှာ ရှောင်လွဲ၍မရသော အခြေအနေကို ကြုံတွေ့နေရကြောင်းလည်း ကော်မတီအဖွဲ့ဝင်တစ်ဦးက အောက်ပါအတိုင်း သုံးသပ်သည်။

ရွေးကောက်ပွဲ ဖြစ်လာခဲ့ရင် ဆိုတာထက် စကမဘက်ကနေ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် အင်မတန်မှ အပူတပြင်း ကြိုးပမ်းနေတယ်။ ဒီလိုအနေအထားမျိုးမှာ ပြည်သူအနေနဲ့ ရှောင်လွှဲလို့မရတဲ့ အနေအထားကို ကြုံတွေ့လာရမှာ ဖြစ်တယ် ဟု ပြောသည်။

ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ အနေဖြင့် တရားမျှတမှု၊ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု လုံးဝကင်းမဲ့သည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးနှင့်အတူ အကြွင်းမဲ့ဆန့်ကျင် တိုက်ဖျက် သွားမည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးမြို့ဒေသခံများ၏ ရွေးကောက်ပွဲ အပေါ် သဘောထားနှင့် ပတ်သက်ပြီး KPSSC အဖွဲ့ဝင်တစ်ဦးက ကလေးဒေသသည် လက်နက်ရေးရာနှင့် လူထုတိုက်ပွဲရေးရာ နှစ်ခုစလုံးတွင် အားကောင်းသော ဒေသဖြစ်သည့် အတွက် စစ်ကော်မရှင်၏ အဓိကပစ်မှတ်ထား နှိမ်နင်းခြင်းကို ခံနေရကြောင်း ရှင်းပြခဲ့သည်။

ဒီလိုအနေအထားမှာ လူထုလွတ်မြောက်ရေး အတွက် အားကောင်းကောင်းနဲ့ လှုပ်ရှားနိုင်ဖို့ဆိုရင် ကျနော်တို့ ကလေးဒေသခံ ပြည်သူလူထု တစ်ရပ်လုံးက ရွေးကောက်ပွဲကို အပြတ်သားဆုံး၊ အရှင်းလင်းဆုံး ဆန့်ကျင် ကြောင်း သဘောထားဖြစ်တယ် ဟု ၎င်းက ပြောသည်။

ထို့အပြင် KPSSC က ကလေးမြို့အခြေပြု တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း ပြည်သူတစ်ဦးချင်းစီ ယုံကြည်အားကိုးနိုင်သည့် ပြည်သူ့သားကောင်းပီသစွာ ပြုမူနေထိုင်ရန် လိုအပ်ပြီး ယင်းသို့ဖြစ်စေရန် သက်ဆိုင် ရာ တာဝန်ရှိသူများမှ ကြီးကြပ်ပေးရန်လည်း တိုက်တွန်းထားသည်။ 

ကော်မတီသည် တော်လှန်ရေး အဆုံးသတ် ပန်းတိုင်အထိ ဆက်လက် ချီတက်သွားမည်ဟုလည်း အတိအလင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့ (ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ – KPSSC)