ချင်းပြည်တောင်ပိုင်း လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ဦး သေ၊ အရပ်သား ၁၀ ဦးကျော် ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။
ချင်းပြည်တောင်ပိုင်းကို စစ်ကော်မရှင် လေကြောင်းမှ အပြင်းအထန်ဗုံးကြဲခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ချင်းပြည် တောင်ပိုင်း၊ ချင်းညီနောင်အဖွဲ့များ ထိန်းချုပ်ထားရာ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များကို စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီ ၈ ရက်တွင် လေကြောင်းမှတစ်ဆင့် တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုထဲ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အခြားအရပ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
သေဆုံးထိခိုက်မှုများသည် မတူပီမြို့ နယ် အတွင်းက ဖြစ်သည်။
စစ်ကော်မရှင်သည် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဂျက်ဖိုက်တာများ အသုံးပြု၍ အဆိုပါ မြို့နယ်သုံးခုစလုံးကို တစ်လှည့်စီ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် မတူပီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို ငါးကြိမ်ထက်မနည်း ဗုံးကြဲခဲ့သဖြင့် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည့်အပြင် ဆီသယ်ယာဉ်တစ်စီးနှင့် လူနေအိမ်များပါ မီးလောင်ပျက်စီး ခဲ့ရသည်။
မြေပြင်သတင်းရင်းမြစ်က “စစ်ကောင်စီက လူစုလူဝေးရှိနိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ တိုက်ခိုက်နေတာပါ။ ဒါဟာ စစ်ရေးပစ်မှတ် မဟုတ်ဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ခြောက်လှန့်နေတာ ဖြစ်တယ်” ဟု ပြောသည်။
မင်းတပ်မြို့ပေါ်တွင်လည်း ဗုံးကြဲခံရမှုကြောင့် ပြည်သူ့ဈေးဆိုင်များ၊ ဓမ္မာရုံနှင့် လူထုအခြေပြု အဆောက် အအုံများ ထိခိုက်ပျက်စီးခဲ့သည်။ ထို့အတူ ကန်ပက်လက်မြို့နယ်အတွင်းရှိ အစိုးရရုံးအချို့နှင့် နေအိမ်များလည်း ဗုံးဒဏ်ကြောင့် ပြိုပျက်ခဲ့ရသည်။
မင်းတပ်မြို့မှ ဒေသခံတစ်ဦးက “လေယာဉ်က မတူပီသွားလိုက်၊ ကန်ပက်လက်သွားလိုက်နဲ့ တစ်နေကုန် ဝဲနေ တာ။ ဗုံးသံကြားရင် ပြေးကြရတာပဲ။ တစ်နေကုန် ဗုံးခိုကျင်းထဲ ပြေးပြေးဝင်နေရတာ” ဟု ပြောသည်။
ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ အပြင် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများ အနီးသို့လည်း စစ်ကော်မရှင်တပ်က လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသန်းပစ်ခတ်နေသဖြင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများမှာ လုံခြုံရေးအတွက် အထူးစိုးရိမ်နေကြရသည်။
စစ်ကော်မရှင်တပ်သည် နယ်မြေစိုးမိုးမှု ရရှိရန်ထက် လက်လွှတ်လိုက်ရသည့် မြို့ရွာများမှ ပြည်သူများကို ဒုက္ခပေးရန် လေကြောင်းအင်အားကို အလွန်အကျွံ သုံးစွဲနေကြောင်း ဒေသခံများနှင့် မြေပြင်ရှိ တော်လှန်ရေး တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ဓာတ်ပုံ- Hkl Mindat