ဩဂုတ်လကုန်မှစ၍ ထိုင်းနိုင်ငံတွင် ဗီဇာ သတ်မှတ်ချက်နှင့် လုပ်ထုံးလုပ်နည်း အပြောင်းအလဲများ ရှိမည်။ ဘွဲ့လွန် ကျောင်းဗီဇာဖြင့် အလုပ်လုပ်ခွင့် ပြုတော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်။

ဘွဲ့လွန်ကျောင်းသားများကို အလုပ်လုပ်ခွင့် ပြုခြင်း အပါအဝင် ဗီဇာ သတ်မှတ်ချက်များကို လာမည့် ဩဂုတ်လကုန်မှ စတင်၍ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ထိုင်းခရီးသွားနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် နတ်ထရီယာ ထီဝီဝုန် Natthriya Thaweevong ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။ 

ပြောင်းလဲမှုများတွင် ဘွဲ့လွန်ကျောင်းသား ဗီဇာဖြင့် နေထိုင်သူများကို အလုပ်လုပ်ခွင့် ပြုခြင်းလည်း ပါဝင်မည် ဖြစ်သည်။ 

ထိုင်းအစိုးရ၏ မူဝါဒအသစ်အရ ထိုင်းနိုင်ငံတွင်  ဘွဲ့ကြို (Bachelor) ဒါမှမဟုတ် ဘွဲ့လွန် (Master/PhD) တက်ရောက်ပြီး ဘွဲ့ရရှိထားတဲ့ နိုင်ငံခြားသားကျောင်းသားများကို ဘွဲ့ရပြီးနောက် ၁ နှစ်တိတိ ဗီဇာသက်တမ်းတိုးပေးပြီး အလုပ်ရှာခွင့် ပေးထားခြင်း ဖြစ်သည်။ 

အဆိုပါ တစ်နှစ်အတွင်း အလုပ်ရပါက ကျောင်းသား ဗီဇာမှ အလုပ်ဗီဇာသို့ ထိုင်းနိုင်ငံအတွင်းတွင် တိုက်ရိုက် ပြောင်းလဲခွင့် ပေးထားသည်။ 

သို့သော်လည်း ကျောင်းသား ဗီဇာဟု ခေါ်ကြသော ဘာသာစကားကျောင်း၊ နှင့် အခြားသော သင်ကြားရေး ဗီဇာများဖြင့် အလုပ်လုပ်ခွင့် ပြုမည်မဟုတ်ပါ။ 

လက်ရှိရှိနေသော ဗီဇာ အမျိုးအစား ၁၇ မျိုးကို ၇ မျိုးသို့ လျော့ချ၍ ပိုမိုလွယ်ကူအောင် ပြုပြင်ပြောင်းလဲသွားမည်ဟုလည်း ဆိုသည်။ 

ထိုင်းနိုင်ငံက နိုင်ငံပေါင်း ၉၃ နိုင်ငံမှ နိုင်ငံသားများကို ဗီဇာမဲ့ ရက် ၆၀ ဝင်ရောက်ခွင့် ပြုထားခြင်းကိုမူ ရက်ပေါင်း ၃၀ သို့ လျော့ချမည်ဖြစ်သည်။ 

လတ်တလော ရေပန်းစားနေသော DTV ဟုခေါ်သည့် Destination Thailand Visa နှင့် အငြိမ်းစား ဗီဇာများ ဆက်ရှိနေမည်ဖြစ်သည်။ 

အငြိမ်းစား ဗီဇာအတွက်မူ ဝင်ငွေ အထောက်အထား နှင့် ဘဏ်စာရင်းရှိ ငွေ ပမာဏနှင့် ပတ်သက်၍ ပိုမို တင်းကြပ်မှုများ ရှိမည်ဟု ဆိုထားသည်။

#ထိုင်းနိုင်ငံ #ထိုင်းဗီဇာအပြောင်းအလဲ #ဘွဲ့လွန်ကျောင်းဗီဇာ #ThaiVisa