ချင်းမိုင်တွင် ကျား အကောင် ၇၀ ကျော် သေဆုံး၊ အကြောင်းရင်းကို စစ်ဆေးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။ 

ချင်းမိုင် အနီး မယ့်ရင်း ခရိုင် အတွင်း ကျားမွေးမြူရေး ဥယျာဉ် တစ်ခုတွင် ကျားအကောင် ၇၀ ကျော် သေဆုံးပြီးနောက် Tiger Kingdom ခရီးသွား ဥယျာဥ်ကို နှစ်ပတ်ကြာ ပိတ်သိမ်းလိုက်ပြီး အသက်ရှင်ကျန်သည့် ကျားများကို နေရာ ရွေ့ပြောင်းခဲ့ရသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီးရှိ Tiger Kingdom သည် ခရီးသည်များ လာရောက်မှုကို ပိတ်ထားလိုက်ပြီး ကျားများသေဆုံးရခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဥယျာဉ် တစ်ခုလုံးကို ပိုးသတ်ဆေးဖြန်းခြင်းကို စတင်ခဲ့သည်ဟု ချင်းမိုင်ရှိ မွေးမြူရေး အရာရှိများက ပြောသည်။ 

ကျားသေများကို ချင်းမိုင် တက္ကသိုလ်သို့ ပို့ဆောင်ပြီး ဓါတ်ခွဲ စစ်ဆေးလျက်ရှိသည်။ 

Tiger Kingdom တွင် မွေးမြူထားသော ကျားများသည် ဖေဖော်ဝါရီလ ၈ ရက်မှ စတင်သေဆုံးခဲ့ပြီး အခုအခါ သေဆုံးသည့် ကျားအရေအတွက် ၇၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။ 

ကနဦးယူဆချက်မှာ လူသိများသော ပုဂ္ဂလိကခြံတစ်ခုမှ ပေးသွင်းသည့် အစာအဖြစ် အသုံးပြုသော ကြက်သားစိမ်းကြောင့်ဟု ယူဆရသည်။ သို့သော် အာဏာပိုင်များက တိကျသောအကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း အလေးပေးပြောကြားခဲ့သည်။ ငှက်တုတ်ကွေးရောဂါကြောင့် ဖြစ်သည်ဟူသော ကောလဟာလများလည်း ပြန့်နှံ့လျက်ရှိသော်လည်း အာဏာပိုင်များက မည်သည့် အတည်ပြုချက်ကိုမှ မပေးသေးပါ။ 

အသက်ရှင်ကျန်ရစ်သော ကျားများကို မယ့်တန်ခရိုင်ရှိ Tiger Kingdom ၏ စောင့်ရှောက်မှုဌာနသို့ ရွှေ့ပြောင်းစောင့်ကြည့်ထားသည်။

ချင်းမိုင်ရှိ Tiger Kingdom ဥယျာဉ်ကို Khum Sue Trakarn Co Ltd မှ လည်ပတ်ပြီး ကုမ္ပဏီကို အင်ဒိုချိုင်းနားကျားများ မွေးမြူရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကို အဓိကထား၍ တည်ထောင်ခဲ့ပြီး တိရစ္ဆာန်လဲလှယ်မှုအတွက် ဒေသခံတိရစ္ဆာန်ရုံများနှင့် ပူးပေါင်းဆောင်ရွက်လေ့ရှိသည်။