လေယာဉ်ဗုံး ထိုင်းဘက်ကျပြီး နယ်စပ် ခရိုင်များတွင် လုံခြုံရေး တင်းကြပ်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်။ 

သံလွင်မြစ်ဘေးရှိ ဆေးရုံကို စစ်အစိုးရတပ်က ဗုံးကြဲခဲ့ရာ ထိုင်းဘက်အခြမ်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် နယ်စပ် ၄ ခရိုင်တွင် လုံခြုံရေး အရေးပေါ်တင်းကျပ်ထားသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ကရင်ပြည်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်များကို ဆေးကုသပေးနေသည့် ဆေးရုံနှင့် အရပ်သားနေရာ များကို စစ်အစိုးရတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုင်းဘက်အခြမ်းသို့ပါ ဗုံးကျရောက်ပေါက်ကွဲ ခဲ့ပြီး နယ်စပ်ဒေသခံများ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်အစိုးရလေတပ်သည် ဖာပွန်ခရိုင်၊ သံလွင်မြစ်ကမ်းနံဘေးရှိ KNU ၏ အူးမေထဆေးရုံနှင့် လူနေရပ်ကွက်များကို တိုက်လေယာဉ်များဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချခဲ့ခြင်းဖြစ် သည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံများ ပြာကျပျက်စီးခဲ့သည့်အပြင် ဗုံးတစ်လုံးမှာ ထိုင်းဘက် ခြမ်းရှိ သဲသောင်ပြင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုင်းဘက်ခြမ်းက မြေပြင်သတင်းရင်းမြစ်က ကျနော်တို့က မနေ့က ဗုံးကြဲသွားတဲ့ အူးမဲထ ဆေးရုံရဲ့ ဒီဘက်ခြမ်း ထိုင်းဘက်ခြမ်းမှာပါ။ မနေ့ ၁၁ နာရီလောက်မှာ လေယာဉ်နဲ့ လာကြဲတော့ ကြဲခံရတဲ့နေရာက မီးခိုးတွေ ထွက်လာတယ်။ ဆေးရုံနေရာနဲ့ အဲ့ဒီနားတဝိုက်ကို ၆ လုံး – ၇ လုံးလောက် ကြဲသွားတာ။ ဆေးရုံက တော့ အကုန်ပျက်သွားတယ်။ အဲ့ဒီမှာရှိတဲ့ အစည်းအဝေးခန်းပေါ့ အဲ့ဒါလည်း ပျက်စီးသွားတယ်။ ပျက်စီးသွား တာ များတယ်။ လူတော့ ထိခိုက်တာမျိုးမရှိဘူးလို့ ဒီဘက်ခြမ်းကို သတင်းပို့တာပေါ့နော် ဟု ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနယ်စပ်သို့ တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက မြေပြင်အခြေအနေကို အခုလို ပြောပြပါတယ် –

အဆိုပါ ထိုင်းသတင်းရင်းမြစ်က ထိုင်းဘက်ခြမ်း သဲသောင်ပြင်ပေါ် ဗုံးကျတော့ ဟိုဘက်က ရွာသားတွေလည်း အကုန်လန့်ပြီး ပြေးကြရတာ။ ထိုင်းဘက်က အိမ်တွေပါ မှန်တွေကွဲ၊ အမိုးတွေပွင့်ကုန်တာ။ အခုထိတော့ သံလွင် မြစ်ဘေးမှာ ဘယ်သူမှ မနေရဲကြတော့ဘူးဟု ပြောသည်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိုင်းဘက်ခြမ်းရှိ မယ့်စန်လက်ရွာမှ နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၄၀ ကျော်မှာ ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါ အိမ်ထောင်စု ၄၀ ခန့်ကို သံလွင်မြစ်ကမ်းနံဘေးမှ ၇ ကီလိုမီတာခန့် ကွာဝေးသော ဟွေ့ကောင်ကတ် (Huay Kong Kat) ကျေးရွာရှိ ဘေးကင်းလုံခြုံရာ နေရာများသို့ ယာယီရွှေ့ ပြောင်း နေထိုင်ကြရန် ထိုင်းနိုင်ငံ ဘက်ခြမ်းမှ မယ့်စန်လက် (Mae Sam Laeb) ကျေးရွာလူကြီးက အသံချဲ့စက်ဖြင့် အရေးပေါ် နှိုးဆော်ခဲ့ရကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြသည်။

ထို့ပြင် မယ့်စရိန်း (Mae Sariang) ခရိုင် အုပ်ချုပ်ရေးမှူးနှင့် စစ်ဘက်တာဝန်ရှိသူများကလည်း ဗုံးစထိမှန်၍ နေအိမ်အမိုးပျက်စီး သွားသည့် မယ့်ဝမ်ကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ပြီး နယ်စပ်တစ်လျှောက် ၂၄ နာရီပတ်လုံး ကင်းလှည့်ရန်နှင့် အရေးပေါ်ဗုံးခိုကျင်းများ ပြင်ဆင်ထားရန် ညွှန်ကြားခဲ့သည်။

နယ်စပ်စစ်မီး ပြင်းထန်လာမှုကြောင့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နှင့် တာ့ခ်ခရိုင်ရှိ အာဏာပိုင်များကို လုံခြုံရေးတင်းကျပ်ရန်နှင့် ဒေသခံများကို ၂၄ နာရီပတ်လုံး ကူညီစောင့်ရှောက်ရန် အရေးပေါ်ညွှန်ကြားထားကြောင်း The Nation Thailand က ဧပြီလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

KNU ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဖာပွန်ခရိုင်၌ စစ်အစိုးရတပ်၏ ပစ်မှတ်ထား တိုက်ခိုက် မှုများကြောင့် အရပ်သား ၆ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ 

လက်ရှိတွင် ထိုင်းအာဏာပိုင်များသည် နယ်စပ်တစ်လျှောက် ကင်းလှည့်ခြင်းနှင့် စစ်ဆေးရေးဂိတ်များကို အရှိန်မြှင့် လုပ်ဆောင်နေပြီး၊ တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များနှင့် ပိုင်ဆိုင်မှုများအတွက် ကနဦး ကူညီကယ်ဆယ်ရေးများကို စတင်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော် စစ်မီးကူးစက်လာမှုကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေးနှင့် ဒေသခံများ၏ နေ့စဉ် ဘဝအပေါ် ရိုက်ခတ်မှုများ ရှိနေသည့်အတွက် နယ်စပ်တစ်လျှောက် အခြေအနေများကို ၂၄ နာရီပတ်လုံး စောင့်ကြည့်လျက်ရှိကြောင်း ထိုင်းသတင်းများက ဆိုသည်။

ဓါတ်ပုံ – Maesariang District Administration Office