ချင်းမြောက်ပိုင်း တွန်းဇံမြို့ကို စစ်တပ် ပြန်သိမ်း၊ ချင်းတောင်ပိုင်းကို ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်။
ချင်းမြောက်ပိုင်း တွန်းဇံမြို့ကို စစ်တပ်နှင့် ဇိုမီးလက်နက်ကိုင်အဖွဲ့ ZRA ပြန်ထိန်းချုပ်လိုက်ပြီး ချင်းတောင်ပိုင်းမြို့ များကိုပါ လေကြောင်းမှ ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေသည်။
ချင်းပြည်မြောက်ပိုင်းရှိ စစ်ရေးအချက်အချာကျသော တွန်းဇံမြို့ကို စစ်တပ်နှင့် ZRA-EC ပူးပေါင်းတပ်က လေ ကြောင်းနှင့် ဒရုန်းပစ်ကူများ အဆမတန်အသုံးပြု၍ နှစ်ဖက်ညှပ် ထိုးစစ်ဆင်ခဲ့သဖြင့် ချင်းပူးပေါင်းတပ်များ ဘက်က မြို့ကို နောက်ဆုတ် လက်လွှတ်ပေးခဲ့ရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
တွန်းဇံမြို့မှာ တီးတိန်မြို့နယ်အတွင်း ရှိပြီး အိန္ဒိယ နယ်စပ် အနီးတွင် ရှိသောကြောင့် မဟာဗျူဟာ အရ အရေးပါသော မြို့ဖြစ်သည်။
စစ်တပ်နှင့် ၎င်းနှင့် လက်တွဲနေသောZRA ပူးပေါင်းအင်အား ၈၀၀ နီးပါးသည် တီးတိန်နှင့် ကျီခါးမြို့ဘက်မှတစ်ဆင့် စစ်ရေးစုဖွဲ့ကာ မေလ ၁၁ ရက်ကတည်းက စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး၊ ပြင်းထန်သည့် မြေပြင်တိုက်ပွဲများ နှင့် အတူ လေကြောင်းပစ်ကူများကြောင့် မေလ ၁၉ ရက်နေ့၊ ညနေပိုင်းတွင် ချင်းပူးပေါင်းတပ်များ မြို့မှ ဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်သည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည်မှာ နှစ်နှစ်နီးပါးအကြာတွင် တွန်းဇံမြို့ကို ပြန်လည် လက်လွှတ်ခဲ့ရခြင်းဖြစ်ပြီး၊ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီး တစ်လအကြာတွင် ချင်းမြောက်ပိုင်း၌ တော်လှန်ရေးတပ်များ နောက်ထပ်မြို့တစ်မြို့ ထပ်မံဆုံးရှုံးခဲ့ရခြင်းလည်း ဖြစ်သည်။
တစ်ဖက်တွင်လည်း ချင်းပြည်တောင်ပိုင်းရှိ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ထိန်းချုပ်ထားရာ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို စစ်တပ်က လေကြောင်းမှ ရက်ဆက်ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ယနေ့ မေလ ၂၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင်လည်း ကန်ပက်လက်မြို့ပေါ်သို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ သည်။
ကန်ပက်လက်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက “ဒီမနက်အစောကြီး တိုက်လေယာဉ်နဲ့ လာကြဲသွားတာ။ ဗုံးသီးလေးလုံးကျတယ်။ မြေပြင်စစ်ကြောင်းကလည်း ဆောနဲ့ ကန်ပက်လက်အကြား (၆) မိုင်နားမှာ တပ်စွဲ ထားတယ်။ ကျောက်ထုဘက်က စစ်တပ်တွေအတွက် Y12 လေယာဉ်နဲ့ ရိက္ခာထုပ်တွေ လာချပေးတာလည်း တွေ့ရတယ်။ မြေပြင်ရော လေကြောင်းပါ ညှပ်လုပ်နေတာဆိုတော့ စစ်ရေးက အတော်လေး တင်းမာနေ ပါတယ်” ဟု ပြောသည်။
စစ်တပ်သည် မေလအတွင်း ချင်းတောင်ပိုင်းမြို့များကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရာနှင့်ချီ ပြုလုပ်ခဲ့ ပြီး မင်းတပ်မြို့ကို အများဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်ကလည်း မတူပီမြို့၊ စန်ဘောင်ရပ်ကွက်ကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် မိုးလုံလေလုံ အားကစားရုံနှင့် အထက (၂) ကျောင်းဆောင်အချို့ ပျက်စီးခဲ့ရသလို၊ မေလ ၂၀ ရက်နေ့၊ ညနေပိုင်းကလည်း မင်းတပ်မြို့ပေါ်သို့ ဗုံးသီး ၄ လုံး ကြဲချခဲ့သည်။
မင်းတပ်မြို့မှ ဒေသခံတစ်ဦးက “မေလထဲမှာတင် မင်းတပ်ကို ဗုံးကြဲတာ မပြတ်ဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းကဆို ညသန်းခေါင်ကြီးပါ လာကြဲတာ။ အခုနောက်ဆုံး ဗုံးကြဲမှုမှာလည်း ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ ကြားရ ပေမဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတော့ အသေးစိတ်အခြေအနေကို စုံစမ်းဖို့ အတော် လေး ခက်ခဲနေပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်တပ်သည် ချင်း-မကွေးအစပ် ဆောမြို့နယ်နှင့် ယောဒေသအတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ အခြေစိုက်စခန်းများသို့ ရိက္ခာဖြည့်တင်းခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိသည်။
ထို့ပြင် မေလ ၂၀ ရက်က ဆောမြို့နယ်၊ ကျောက်ထုအရှေ့ခြမ်းကို လေကြောင်းမှ ၅ ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက် ခိုက်ခဲ့ပြီး ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကိုလည်း မကြာခဏ ပြုလုပ်လျက်ရှိရာ ချင်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းတစ်ခွင်လုံးတွင် စစ်တပ်၏ အရပ်ဘက် ပစ်မှတ်များအပေါ် လေကြောင်းဗုံးကြဲမှုနှင့် မြေပြင်ထိုးစစ် များကြောင့် နှစ်ဖက်စစ်ရေးအခြေအနေမှာ တင်းမာလျှက်ရှိသည်။