ရမ်းဗြဲတွင် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၍ သံဃာနှင့် ကလေးငယ် ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်။
အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး (အောက်ရွာ) ဘုန်းကြီး ကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတစ်ပါးနှင့် ကလေးငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုသည် မေလ ၂၀ ရက် နံနက် ၁၁ နာရီဝန်းကျင် သံဃာတော်များ ဆွမ်းစားနေချိန်တွင် ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။၊
စစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆေးရုံများကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိရာ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်မှုအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
လက်ရှိတွင် ရမ်းဗြဲမြို့နယ်နှင့် ထိစပ်နေသည့် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီး၌ စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး၊ စစ်တပ်သည် စစ်သင်္ဘောများ အပြင် လေကြောင်းမှပါ အရပ်သားပစ်မှတ်များသို့ တောက်လျှောက် ပစ်ခတ်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာ အုပ်စုလိုက်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တစ်ရပ်ကွက်လုံးနီးပါး မီးကူး စက်လောင်ကျွမ်းကာ နေအိမ် ၁၀၀ ထက်မနည်း ပြာကျပျက်စီးခဲ့ရသည်။
ဒေသခံအမျိုးသားတစ်ဦးက “ကိုယ်တို့ဆီမှာ လေယာဉ်တွေ အုပ်စုလိုက်လာပြီး ဗုံးကြဲသွားတာ။ ရွှေဟင်္သာ ရပ်ကွက် တစ်ခုလုံးနီးပါးကို မီးစွဲလောင်တာ အိမ်ခြေ ၁၀၀ ကျော်လောက် ပြာကျသွားတယ်။ လေယာဉ်ရန် ကြောင့် ကိုယ့်တို့ အိမ်တွေ မီးလောင်နေတာကိုတောင် ဘယ်သူမှ သွားမငြိမ်းသတ်ရဲဘူး။ ဒီအတိုင်း ကုန်သွားတာ ကိုပဲ ထိုင်ကြည့်နေခဲ့ရတယ်။ လူတွေကတော့ ကြိုတင်စစ်ရှောင်နေကြလို့ ထိခိုက်တာ မရှိဘူး” ဟု ပြောသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးရှောင် အများအပြားသည် ရမ်းဗြဲ ဒေသဘက်သို့ လာရောက်ခိုလှုံနေကြရသော်လည်း၊ စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းရန်ကြောင့် စစ်ရှောင်စခန်းများတွင်ပါ လုံခြုံရေး စိုးရိမ်မှုများ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
စစ်တပ်သည် ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ကလည်း စနဲမြို့အနီးရှိ မျှောချောင်းနှင့် စံပယ်ချောင်းကျေးရွာများကို ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲခဲ့သလို၊ မေလ ၁၇ ရက်နေ့က ရေတပ်သင်္ဘောများမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျောက်ဖြူဒေသခံတစ်ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ဖူးသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ သရက်ချိုကျေးရွာ ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၄ ကြိမ် ကြဲချခဲ့သဖြင့် ဒေသခံ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ဖူးသည်။
ရခိုင်ဒေသတွင် စစ်ရေးအရ အရေးနိမ့်နေသည့် စစ်တပ်သည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူပိုင် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူများမှာ နေ့စဉ်နှင့်အမျှ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုမရှိဘဲ စစ်ဘေးဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေကြရသည်။
ဓါတ်ပုံ – Arakan Princess Media