၁၁ ရက်အတွင်း ဟားမတ်စ် စစ်ဘက်ဦးစီးချုပ် နှစ်ဦးအား အစ္စရေး လုပ်ကြံ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် မေလ ၂၈ ရက်။

ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ဒေသ ဂါဇာစီးတီးရှိ လူစည်ကားရာ ဈေးအနီးမှ လူနေအဆောက်အအုံတစ်ခုကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့၏ စစ်ဘက်ဆိုင်ရာ ဦးစီးချုပ်အသစ်ဖြစ်သူ မိုဟာမက် အိုဒါး (Mohammed Odeh) သေဆုံးသွားခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အိုဒါးနှင့်အတူ ၎င်း၏ ဇနီးနှင့် သားသမီး နှစ်ဦးလည်း သေဆုံးခဲ့ရသည်။

ယခုဖြစ်စဉ်မတိုင်မီ (၁၁) ရက်အလိုကလည်း ဟားမတ်စ်အဖွဲ့၏ စစ်ဘက်ဦးစီးချုပ်ဟောင်း အစ်ဇ် အက်ဒင် အယ်လ်ဟာဒတ် (Izz ad-Din al-Haddad) သည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ မိုဟာမက် အိုဒါး၏ လှုပ်ရှားမှုများကို လနှင့်ချီ၍ စောင့်ကြည့်ထောက်လှမ်းခဲ့ပြီးနောက် ၎င်းပုန်းအောင်းနေသည့် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကစတင်၍ အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံနှင့် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ အစ္စရေးအနေဖြင့် ဒေသတွင်း၌ အီရန်၏ ကျောထောက်နောက်ခံပြု လက်နက်ကိုင်အုပ်စုများကို ဘက်ပေါင်းစုံမှ အပြင်းအထန် ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် (Hamas) အဖွဲ့ကိုသာမက၊ လက်ရှိတွင် အီရန်၏ အဓိကမဟာမိတ်ဖြစ်သော လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ (Hezbollah) လက်နက်ကိုင်အဖွဲ့၏ အခြေခံအဆောက်အအုံများနှင့် စစ်သွေးကြွများကိုပါ လေကြောင်းမှတစ်ဆင့် အရှိန်မြှင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

အစ္စရေးစစ်ဘက်ကမူ ဒေသတွင်း၌ အီရန်နှင့် ၎င်း၏မဟာမိတ် အုပ်စုအားလုံးကို အရပ်ဘက်ရော စစ်ဘက်ပါ အာဏာပြန်လည်မထူထောင်နိုင်အောင် အပြီးတိုင် ချေမှုန်းသွားမည်ဟု ကြေညာထားသည်။