အလည်ဗီဇာဖြင့် ပြည်ပထွက်မည့်လူငယ်များ လေဆိပ်၌ မှတ်ပုံတင်ထားခဲ့ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်။
ပြည်ပနိုင်ငံများသို့ အလည်အပတ်ဗီဇာ (Tourist Visa) ဖြင့် သွားရောက်ကြမည့် မြန်မာလူငယ်အချို့ကို ရန်ကုန် နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် လေဆိပ်တာဝန်ရှိသူများက ၎င်းတို့၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား (မှတ်ပုံတင်) များကို သိမ်းဆည်းထားခဲ့ပြီးမှသာ ပြည်ပသို့ ထွက်ခွာခွင့်ပြုနေကြောင်း လေဆိပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းနှင့် ကာယကံရှင်များက ပြောသည်။
ပြီးခဲ့သည့် မေလပထမပတ်မှစ၍ ယခု ဇွန်လဆန်းထိ ရန်ကုန်လေဆိပ်နှင့် မန္တလေးလေဆိပ်တို့မှတစ်ဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် လာရောက်ကြသည့် မြန်မာခရီးသွားများအနက် အထူးသဖြင့် သတ်မှတ် အသက်အရွယ်အတွင်းရှိ လူငယ်များကို လေဆိပ်တာဝန်ရှိသူများက မှတ်ပုံတင်များ အပ်နှံခိုင်းခဲ့ခြင်းဖြစ်သည်။
စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ပြည်ပသို့ လူငယ်များ အလုံးအရင်းဖြင့် ထွက်ခွာနေမှုကို ထိန်းချုပ်ရန် လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ တင်းကျပ်နေရာမှ ယခုကဲ့သို့ မှတ်ပုံတင်ပါ သိမ်းဆည်းသည့် အခြေအနေအထိ ဖြစ်လာခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့က သုံးသပ် ကြသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ မကြာသေးမီက လာရောက်လည် ပတ်ခဲ့သည့် ကာယကံရှင် လူငယ်တစ်ဦးက ၎င်းတို့အဖွဲ့ လေဆိပ်၌ ကြုံတွေ့ခဲ့ရပုံကို ယခုကဲ့သို့ ပြောသည်။
“ကျနော်တို့ မှတ်ပုံတင်တွေ အားလုံး လေဆိပ်မှာ ထားခဲ့ရတယ်။ လဝက လူကြီးတစ်ယောက်က လာပြီး အား လုံးကို သိမ်းထားလိုက်တာ။ မှတ်ပုံတင် ပျောက်သွားရင် ဘယ်လိုလုပ်မလဲလို့ မိန်းမောပြီး သွားမေးတော့ ‘ဒီမှာပဲ ပြန်လာတောင်းပါ‘ ဆိုပြီး ဇွတ်ယူထားလိုက်တယ်။ ကျနော်တို့အဖွဲ့က အားလုံးပေါင်း ၇ ယောက်ရှိတာ၊ အသက် တွေကတော့ ၃၀ ကျော်တွေချည်းပဲ။ အကုန်လုံး မှတ်ပုံတင်တွေ ပေးခဲ့ရတယ်” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ အလုပ်သမားပါတ်ပို့စ် (PJ) ကိုင်ဆောင်ထားသူများကိုလည်း အလုပ်သမား ဝန်ကြီးဌာန၏ စမတ်ကတ် (OWIC) မပါရှိပါက လေယာဉ်ပေါ် ပေးမတက်ဘဲ ပြန်လွှတ်နေသည့် ဖြစ်စဉ်များ အပြင်၊ အလည်အပတ်ပါစပို့ (PV) ကိုင်ဆောင်ထားသည့် လူငယ်များကိုလည်း တာဝန်ရှိသူများက လေဆိပ်၌ ကန့်သတ်မေးမြန်းမှုများ တိုးမြှင့်လုပ်ဆောင်နေသည်။
ရန်ကုန်လေဆိပ်ရှိ ခရီးသွားအသိုင်းအဝိုင်း၏ ပြောပြချက်အရ အလည်အပတ်သွားမည့်သူများအနေဖြင့် ပြန်လာ မည့် လေယာဉ်လက်မှတ် (Return Ticket)၊ ဟိုတယ်ဘွတ်ကင်နှင့် ပြည်ပတွင် သုံးစွဲမည့် ဒေါ်လာ/ဘတ် ငွေ အလုံအလောက် ပြသနိုင်သော်လည်း ယခုကဲ့သို့ မှတ်ပုံတင်များကို သိမ်းဆည်းကာ နိုင်ငံအတွင်းသို့ ပြန်လာရန် ဖိအားပေးသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်လာနေခြင်းဖြစ်သည်။
စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာရန် ကြိုးပမ်းနေသည့် ရန်ကုန်မြို့မှ အခြားလူငယ်တစ်ဦးကလည်း လေဆိပ်တွင် လူငယ်များအပေါ် ပစ်မှတ်ထားပြီး စစ်ဆေးပိတ်ပင်မှုများ ပိုမိုဆိုးရွားလာနေသည့် အခြေအနေကို ယခုကဲ့သို့ ပြောသည်။
“အခုက ပါတ်ပို့စ်အမျိုးအစား ဘာပဲဖြစ်ဖြစ် လူငယ်ဆိုရင် လေဆိပ်ထဲ ခြေချတာနဲ့တင် တုန်လှုပ်နေရပြီ။ အချက်အလက် အကုန်စုံနေရင်တောင် အကြောင်းပြချက်မရှိဘဲ လေယာဉ်ပေါ်မတက်ခိုင်းဘူး။ အဲ့လိုမျိုး အလုပ်ခံရမှာကို အမြဲကြောက်နေရတယ်။ အခုလို မှတ်ပုံတင်ပါ ဇွတ်သိမ်းတာကတော့ လုံးဝမတရားဘူးဗျာ။ လူငယ်တွေကို နိုင်ငံထဲကနေ ထွက်မရအောင် နည်းမျိုးစုံနဲ့ လှောင်ပိတ်ထားတဲ့ သဘောပဲ” ဟု ပြောသည်။
ယခုကဲ့သို့ လေဆိပ်များတွင် နိုင်ငံသားတစ်ဦး၏ အဓိကအရေးကြီးဆုံး သက်သေခံကတ်ပြားဖြစ်သည့် မှတ်ပုံ တင်ကို သိမ်းဆည်းခြင်းခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်ပထွက်ခွာမည့် ခရီးသွားလူငယ်များနှင့် မိဘ ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်နေကြသည်။
ဓါတ်ပုံ – Xinhua Myanmar