America’s Got Talent တွင် တရုတ် Unitree လူတူစက်ရုပ်များဖျော်ဖြေမှု လူကြိုက်များ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။
တရုတ်နိုင်ငံအခြေစိုက် စက်ရုပ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Unitree Robotics မှ ထုတ်လုပ်ထားသော Unitree လူတူစက်ရုပ် (Humanoid Robots) များသည် အမေရိကန်နိုင်ငံ၏ နာမည်ကြီးစွမ်းရည်ပြပွဲတစ်ခုဖြစ်သော “America’s Got Talent” (AGT) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်လူကြီးများနှင့် ပရိသတ်များ အံ့ဩချီးကျူးရလောက်သည့် လူနှင့်စက်ရုပ် ပူးတွဲအကဖျော်ဖြေမှုကို တင်ဆက်ခဲ့သည်။
ယင်းတင်ဆက်မှုသည် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook နှင့် YouTube တို့တွင်ပါ ရေပန်းစားခဲ့ပြီး YouTube ပေါ်တွင် တစ်ရက်အတွင်း ကြည့်ရှုသူ (Views) ၉ သိန်းနီးပါးအထိ ရှိခဲ့သည်။
အဆိုပါ ဖျော်ဖြေမှုတွင် တရုတ်နိုင်ငံ ဆူချန်း (Suchan) မြို့မှ အသက် ၂၆ နှစ်အရွယ် အမျိုးသားအကပညာရှင် ဝူယုဖေး (Yufei Wu) သည် စက်ရုပ်များနှင့်အတူ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါ (Lady Gaga) ၏ “Abracadabra” သီချင်းဖြင့် တွဲဖက်ကပြခဲ့ခြင်းဖြစ်သည်။
Unitree စက်ရုပ်များ၏ ကပြဖျော်ဖြေမှုသည် မည်သည့်အမှားအယွင်းမျှမရှိဘဲ ချောချောမွေ့မွေ့နှင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ဆန်းပြားလှသည့် အဆိုပါဖျော်ဖြေမှုကို ကြည့်ရှုပြီးနောက် AGT ဒိုင်လူကြီးများက အံ့ဩတုန်လှုပ်စွာ မှတ်ချက်များ ပေးခဲ့ကြပြီး စက်ရုပ်များကို နောက်တစ်ဆင့်ပြိုင်ပွဲသို့ တက်ရောက်ရန်အတွက် အမှတ်ပေးရွေးချယ်ခဲ့ကြသည်။
နည်းပညာမြင့်စက်ရုပ်များကို ဈေးနှုန်းချိုသာစွာဖြင့် ကမ္ဘာ့ဈေးကွက်အတွင်း အလုံးအရင်း ထုတ်လုပ်ရောင်းချပေးနိုင်ခြင်းသည် Unitree ကုမ္ပဏီ၏ ထူးခြားချက် ဖြစ်သည်။