ကနေဒါနိုင်ငံ တောမီးကြောင့် အရေးပေါ် ကယ်ဆယ်ရေးအတွက် စစ်တပ်ကို အကူအညီတောင်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။ 

ကနေဒါနိုင်ငံ အွန်တေရီယို (Ontario) ပြည်နယ်မြောက်ပိုင်းတွင် ကုန်တင်ရထားတစ်စီး တောမီးများအကြား ဝိုင်းပတ်ပိတ်မိနေသည့် ထိတ်လန့်ဖွယ် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ခဲ့သည်။ 

ရထားဝန်ထမ်းများသည် ဘေးကင်းစွာ လွတ်မြောက်ခဲ့သော်လည်း ရထားလိုင်းများကို လုံခြုံရေးအရ ယာယီပိတ်ထားလိုက်ရသည်။

ပြင်းထန်လှသည့် တောမီးများကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကနေဒါစစ်တပ်က ကူညီပေးနိုင်ရန် ပြည်နယ်အစိုးရက ဗဟိုအစိုးရထံ အရေးပေါ် အကူအညီ တောင်းခံထားရသည်။ 

ရထားပိတ်မိခဲ့သည့် အမ်းစထရောင်း (Armstrong) ဒေသအနီးရှိ တိုင်းရင်းသားကျေးရွာတစ်ခုမှာ တောမီးကူးစက်မှုကြောင့် မိနစ်ပိုင်းအတွင်း တစ်ရွာလုံး ပြာကျပျက်စီးသွားခဲ့သည်။ 

ရွာသားများသည် အိမ်မွေးတိရစ္ဆာန်များနှင့်အတူ လှေများဖြင့် ရေလမ်းမှတစ်ဆင့် အသက်လု ထွက်ပြေးခဲ့ကြရသည်။

လက်ရှိတွင် အဆိုပါဒေသ၌ လောင်ကျွမ်းနေသော တောမီးသည် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၏ အကျယ်အဝန်းနီးပါးရှိသည့် ဧက ၈ သိန်းခွဲကျော်အထိ ကူးစက်ကျယ်ပြန့်နေပြီး ထိန်းချုပ်ရန် ခက်ခဲနေဆဲဖြစ်သည်။ 

ယခုနှစ် ကနေဒါနိုင်ငံ၏ တောမီးရာသီတွင် တစ်နိုင်ငံလုံး၌ တောက်လောင်နေသော တောမီးပေါင်း ၈၅၀ ကျော်ရှိသည့်အနက် ၁၀၀ ကျော်မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ပွားနေသည်။

တောမီးမှ ထွက်ရှိလာသည့် ပြင်းထန်သော မီးခိုးငွေ့များကြောင့် ကနေဒါ တိုရွန်တိုမြို့ အပါအဝင် အိမ်နီးချင်း အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းအထိ လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရသဖြင့် ပြည်သူများ ပြင်ပသို့ မထွက်ကြရန် ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ထားရသည်။ 

ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ (Mark Carney) ကမူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဗဟိုအစိုးရက အပြည့်အဝ ပံ့ပိုးကူညီသွားမည်ဟု ပြောကြားထားသည်။ 

ဤတောမီးဘေးအန္တရာယ်ကြောင့် ကနေဒါနိုင်ငံအတွင်းရှိ သတ္တုတွင်းတူးဖော်ရေး စီမံကိန်း အချို့တွင်လည်း ဝန်ထမ်းများကို ရွှေ့ပြောင်းပေးခဲ့ရပြီး လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရသည်။