လက်လွှတ်ခဲ့ရသည့် မြို့များကို ပြန်တိုက်ယူမည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ ဆို

သတင်းနှင့် မီဒီယာကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။

စစ်တပ်ဘက်မှ ပြန်လည်ထိန်းချုပ်သွားခဲ့သည့် မြို့များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ပြန်လည် တိုက်ခိုက်သိမ်းပိုက်သွားနိုင်ရေး စစ်ရေး ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ချင်းတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်က ပြောဆိုလိုက်သည်။

ချင်းပြည်အတွင်းရှိ ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးနယ်မြေမှ ဖယ်ထုတ်ကာ နိုင်ငံတစ်ဝန်း မြို့နယ် ၅၈ ခုကို စစ်အုပ်ချုပ်ရေး အရေးပေါ်အခြေအနေအဖြစ် ရက် ၉၀ ဆက်လက်တိုးမြှင့်လိုက်ကြောင်း ပြီးခဲ့ သည့် ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလာခြင်း ဖြစ်သည်။

လက်ရှိမြေပြင် စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်က သတင်းမီဒီယာများကို ယခုကဲ့သို့ ပြောပြခဲ့သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ တွန်းဇံမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးလွတ်တယ်လို့ သိရတယ်။ အခု စစ်အုပ် ချုပ်ရေး ၅၈ မြို့နယ်ပဲရှိတော့တယ်။ ရခိုင်ကတော့အရင်အတိုင်း ၁၄ မြို့နယ်ပဲ၊ ရခိုင်ကို ဗုံးကြဲပြီးတော့ အခု ဆွေးနွေး ခေါ်နေတဲ့သဘောပဲ၊ ကျနော်တို့ကတော့ စစ်တပ်ကို ပြန်ပေးလိုက်ရတဲ့ မြို့တွေကို ပြန်ယူမယ်။ ရခိုင် ကလည်း ချင်းဘက် အားဖြည့်ထားပါတယ်။

ထို့ပြင် ထန်တလန်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟူ၍ ဇူလိုင်လ ၁၆ ရက်နေ့က စစ်တပ်ဘက်မှ ထုတ်ပြန်ကြေညာခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ချီမှုသာဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF – ထန်တလန်) တာဝန်ရှိသူက ပြောသည်။

နှစ်ဖက်ကြား စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ထန်တလန်မြို့နယ်အတွင်း စစ်ရေး အခြေအနေများကို တော်လှန်ရေးတပ်ဖွဲ့များက အနီးကပ် စောင့်ကြည့်ကာ တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုသည်။

CDF – ထန်တလန် ပြောရေးဆိုခွင့်ရှိသူကလည်း လက်ရှိအချိန်ထိက ထန်တလန်မြို့က တချို့နေရာတွေမှာ ကျနော်တို့ CDF ထန်တလန်ဘက်က ခြေကုတ်နေရာယူထားတာ ရှိသေးတယ်။ ဘယ်အချိန် တိုက်ပွဲ ပြန်စ ဖြစ် မလဲဆိုတာ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။ သူတို့ဘက်က ထန်တလန်ကို ထိန်းချုပ်ထားတယ်လို့ ပြောထားပေမယ့် သူတို့ကြိုက်သလို သွားလာလို့ မရသေးဘူး။ သူတို့ ခြေကုတ်ယူထားတဲ့ နေရာမှာပဲ အထိုင်စခန်းပုံစံနဲ့ ချနေတာပဲ ဖြစ်ပါတယ်ဟု ပြောသည်။

ယခင်က မြို့နယ်ပေါင်း ၆၀ တွင် စစ်အုပ်ချုပ်ရေး သတ်မှတ်ထားခဲ့သော်လည်း စစ်တပ်ဘက်မှ ပြန်လည် သိမ်း ပိုက်နိုင်ခဲ့သည်ဆိုသော ဖလမ်းနှင့် တွန်းဇံမြို့နယ်များကို ယခုအကြိမ်တွင် ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးကိစ္စကို ဥပဒေရေးရာဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ဒုရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ငါးဦး၏ ထောက်ခံဆွေးနွေးမှုဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အရေးပေါ်အခြေအနေမှာ နောက်ထပ် ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက စစ်ခေါင်းဆောင်ဟောင်း ဦးအောင်လင်းဒွေးက ကြေညာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်အကျုံးဝင်နေသည့် ၅၈ မြို့နယ်စာရင်းတွင် ကချင်ပြည်၊ ကရင်နီ (ကယား) ပြည်၊ ကရင်ပြည်၊ ချင်းပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နှင့် ရှမ်းပြည် တို့ပါဝင်ပြီး မြို့နယ်အသီးသီးတို့တွင် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။