တရုတ်ထုတ် C919 လေယာဉ် နိုင်ငံတကာခရီးစဉ် စတင်ပြေးဆွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။ 

တရုတ်နိုင်ငံက ပြည်တွင်း၌ ကိုယ်တိုင်ဒီဇိုင်းဆွဲ ထုတ်လုပ်ထားသည့် C919 အမျိုးအစား ခရီးသည်တင်လေယာဉ်သည် ၎င်း၏ ပထမဆုံးသော နိုင်ငံတကာ အရပ်ဘက် စီးပွားဖြစ်ခရီးစဉ်ကို အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ပြီဖြစ်သည်။

ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ဘေဂျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာသည့် အဆိုပါလေယာဉ်သည် မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာ (Ulaanbaatar) မြို့ရှိ လေဆိပ်သစ်သို့ ချောမွေ့စွာ ဆင်းသက်နိုင်ခဲ့သည်။ 

အဆိုပါ နိုင်ငံတကာခရီးစဉ်ကို လေယာဉ်အမှတ်စဉ် CA723 နှင့် CA724 တို့ဖြင့် ဘေဂျင်းနှင့် အူလန်ဘာတာအကြား နေ့စဉ် ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ မီဒီယာများက ဖော်ပြသည်။ 

ယင်းသည် C919 လေယာဉ်များအတွက် ပထမဆုံး တိုးချဲ့လိုက်သည့် နိုင်ငံတကာခရီးစဉ်ဖြစ်ပြီး တရုတ်နိုင်ငံထုတ် ခရီးသည်တင် လေယာဉ်ကြီးများ နိုင်ငံတကာ ကောင်းကင်ယံတွင် ပုံမှန်ပြေးဆွဲနိုင်မည့် ခေတ်သစ်တစ်ရပ်ကို ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ အောင်မြင်စွာ ပြေးဆွဲနိုင်ခြင်းက C919 လေယာဉ်ကြီးအနေဖြင့် နိုင်ငံတကာ မြို့ပြလေကြောင်းပျံသန်းမှု စံချိန်စံညွှန်းများကို အပြည့်အဝ ကိုက်ညီဖြတ်ကျော်နိုင်ပြီဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်။

အမေရိကန် ဘိုးရင်းနှင့် ဥရောပ၏ အဲဘတ်စ် လေယာဉ်ကြီးများ ကြီးစိုးထားသော ခရီးသည်တင် ဂျက်လေယာဉ် ဈေးကွက်ကို တရုတ်က ပထမဆုံး ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။