ထိုင်း-တရုတ် လေတပ် ပူးတွဲ စစ်လေ့ကျင့်ရေး ပြုလုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။
ထိုင်းနှင့် တရုတ် လေတပ်တို့ “Falcon Strike 2026” (စွန်ရဲသုတ် ၂၀၂၆) ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ ဥဒွန်ဌာနီ အမှတ် ၂၃ လေတပ်စခန်းတွင် စတင် လုပ်ဆောင်လျက်ရှိသည်ဟု Khaosod သတင်းတွင် ဖော်ပြသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံဘက်မှ J-10C နှင့် J-11 တိုက်လေယာဉ်များအပြင် AWACS ကြိုတင်သတိပေးစနစ်ပါ လေယာဉ်များကို စေလွှတ်ပါဝင်စေခဲ့သည်။
ထိုင်းနိုင်ငံဘက်မှ ဆွီဒင်နိုင်ငံထုတ် Gripen တိုက်လေယာဉ်များနှင့် Alpha Jet လေယာဉ်များဖြင့် ပူးပေါင်းပါဝင်လေ့ကျင့်လျက်ရှိသည်။
ယခုလေ့ကျင့်ခန်းတွင် လေကြောင်း နည်းဗျူဟာမြောက် စစ်ဆင်ရေးများ၊ ဝေဟင် ပျံသန်းစဉ် စက်သုံးဆီ ဖြည့်တင်းခြင်းနှင့် ပူးတွဲစစ်ဆင်ရေး တာဝန်များ ပါဝင်သည်။ ထို့ပြင် အကြီးစား ရေကြီးရေလျှံမှု ဖြစ်စဉ်ကို အခြေခံထားသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) လေ့ကျင့်မှုများကိုပါ ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။