မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်း ကို ပုသိမ်-မုံရွာ လမ်းပိုင်း၌ ဗမာပြည်ကာကွယ်ရေးတပ် (USBA) က ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၂၀ ကျော် သေဆုံး၍ စစ်ကြောင်း ပျက်သွားခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်က မင်းတုန်းမြို့နယ်ဘက်မှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ထွက်ခွာလာသည့် စစ် တပ် စစ်ကြောင်းကို USBA တပ်ဖွဲ့က ဩဂုတ်လ ၂၃ ရက်အထိ ၃ ရက်ဆက်တိုက် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဘက်မှ ၂၀ ကျော် သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရရှိကာ စစ်ကြောင်း ပျက်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ကြောင်း ပျက်သွားသဖြင့် စစ်အုပ်စုတပ်သည် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်း ပစ်ကူများရယူ ကာ မင်းတုန်းမြို့နယ်၊ ကျောက်တိုင်ရွာ အထိုင်စခန်းဆီသို့ နောက်ပြန်ဆုတ်ပြေးသွားခဲ့ရပြီး USBA ဘက်မှ ဖောကား ၁ စီး၊ မီးစက် ၁ လုံးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။
USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက “ပုသိမ်-မုံရွာ လမ်းပိုင်းမှာ မင်းတုန်းဘက်ကနေ မင်းလှမြို့နယ် ရှမ်းတပ်ရဲစခန်းဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်ကြောင်း ပျက်သွားတော့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူယူပြီး ကျောက်တိုင် အထိုင်စခန်းဆီ နောက်ပြန်ဆုတ် ပြေးသွားကြတယ်။ ၂၄ ရက်နေ့မှာတော့ မင်းတုန်းဘက်ကနေ အင်အား ၂၀၀ လောက် ထပ်ဖြည့်ပြီး ဒုတိယအကြိမ် ဆက်ထွက်လာလို့ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါတယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် အင်အား ၂၀၀ နီးပါး ထပ်မံဖြည့်တင်း၍ ဒုတိယအကြိမ် စစ်ကြောင်းထိုးလာခဲ့ပြီး ကျောက် တိုင် အထိုင်စခန်းမှ ၈ မိုင်ခန့် ကွာဝေးသည့်၊ ရခိုင်-မကွေး တံခါးပေါက်အဖြစ် စစ်ရေးအရ အရေးပါသော ရှမ်းတပ်ရဲစခန်းအတွင်းသို့ ဩဂုတ်လ ၂၆ ရက်နေ့၊ ညနေပိုင်းတွင် ဝင်ရောက်သွားခဲ့သည်။
အဆိုပါ စစ်ကြောင်း စစ်ကြောင်းထိုးလာစဉ် ဩဂုတ်လ ၂၄ ရက်က ရမ်းသန်းပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည်ကြောင့် ဥယျာဉ်ပုရွာမှ သီလရှင် ဆရာလေးတစ်ပါး ဦးခေါင်းတွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သလို စစ်ကြောင်း ဖြတ်သန်းရာ ကျေးရွာများမှ ပြည်သူများ၏ နေအိမ်များအတွင်း ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်းဆိုသည်။
မင်းတုန်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက “စစ်ကြောင်း ဝင်လာပြီ ပစ်ခတ်တာတွေရှိနေတယ်ဗျ။ လက်နက် ကြီးတွေနဲ့လည်း ရမ်းပစ်တော့ သီလရှင် ဆရာလေးတောင် ထိသွားတယ်။ အခုလည်း ရှမ်းတပ်ရဲစခန်းထဲ ရောက်သွားပြီဆိုတော့ စစ်ကြောင်း ပြန်ထွက်လာမှာကို စိုးရိမ်ပြီး ကြိုတင် ပြင်ဆင်နေကြရတယ်” ဟု ပြော သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်အထိကလည်း သရက်မြို့နယ်၊ ကပစ (၁၂) မှ မင်းတုန်းမြို့နယ် အတွင်း သို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ကို USBA က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဘက်မှ ၇ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပဇင်းဒါးကျေးရွာရှိ ပြည်သူ့နေအိမ်များကို စစ်အုပ်စုတပ်က မီးရှို့ဖျက်ဆီးခဲ့ သေးသည်။
လက်ရှိတွင် စစ်ကြောင်း ရှေ့တိုးခြင်းနှင့် နောက်ပြန်ဆုတ်ခြင်းများ ဆက်လက်ရှိလာနိုင်သဖြင့် ပုသိမ်-မုံရွာ လမ်း ပိုင်းနှင့် အနီးဝန်းကျင်ရှိ မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင် ဆင်ထားကြရန် USBA က သတိပေး နှိုးဆော်ထားသည်။
ဓါတ်ပုံ – United States of Burma Army