တောင်ကိုရီးယား Unification Church ဘာသာရေးအဖွဲ့ခေါင်းဆောင် ထောင်ဒဏ် ၂ နှစ် ကျခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။
တောင်ကိုရီးယားနိုင်ငံရှိ Unification Church (ပေါင်းစည်းရေး အသင်းတော်) ဘာသာရေးအဖွဲ့ ခေါင်းဆောင် အသက် ၈၃ နှစ်အရွယ် ဟန်ဟက်ဂျာ (Han Hak-ja) ကို တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
၎င်းသည် နိုင်ငံရေးတွင် အဓမ္မဩဇာလွှမ်းမိုးရန် ကြိုးပမ်းမှုနှင့် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့ကြောင်း ဆိုးလ်ဗဟိုခရိုင် တရားရုံးက မနေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဟန်ဟက်ဂျာသည် ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ လွှတ်တော်အမတ်တစ်ဦးထံ ဝမ်သန်း ၁၀၀ ပေးအပ်ခဲ့မှုအတွက် ထောင်ဒဏ် ၁ နှစ်၊ ချမှတ်ခဲ့သည်။
ထို့ပြင် သမ္မတဟောင်း ယွန်ဆော့ယို၏ ဇနီးအား Chanel လက်ကိုင်အိတ်နှင့် စိန်ဆွဲကြိုးတို့ လာဘ်ထိုးခဲ့မှုအတွက် နောက်ထပ် ထောင်ဒဏ် ၁ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ အမှုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် သမ္မတဟောင်း ရာထူးမှ ဖယ်ရှားခံရအပြီးတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ဘာသာရေးအဖွဲ့၏ ငွေကြေးအင်အားကို အသုံးပြု၍ နိုင်ငံရေး အခွင့်အရေးရယူရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက ပြောကြားသည်။
အသင်းတော်ခေါင်းဆောင်ကမူ စွပ်စွဲချက် ပြစ်မှုများကို ငြင်းဆိုထားပြီး အယူခံဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။