မွန်ပြည်နယ် ကျိုက်မရော၌ အတ္ထရံမြစ်ရေ လျှံ၍ လူ ၃ သောင်းကျော် ရေဘေးသင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး အတ္ထရံမြစ်ရေ ဆက်တိုက်မြင့်တက်လာမှု ကြောင့် ရပ်ကွက်နှင့် ကျေးရွာပေါင်း ၄၀ အထိ ရေကြီးနစ်မြုပ်နေကာ အိမ်ထောင်စု ၇,၀၀၀ ခန့်မှ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်နေကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ အတ္ထရံမြစ်ရေ မြင့်တက်လာခြင်းကြောင့် ကျိုက်မရောမြို့ပေါ်ရှိ ရှင်စောပုနှင့် ရန်မျိုးအောင် ရပ်ကွက်များအပြင် ချောင်းနှစ်ခွ၊ ငပြေမ၊ ဦးလေး၊ ရေပူ၊ မယ်ကရို၊ နိတုံ၊ ဘိန်းဗျော၊ ဖနုံ၊ လမုခို၊ ကွမ်းငန်၊ အတ္တရံ၊ လှာကဇိုင်း၊ ဖာသိမ်၊ ကလိုင်းကနိုင် နှင့် ရေပူကော့စပ် အစရှိသည့် အတ္ထရံမြစ်ကမ်းဘေး ကျေးရွာများတွင် ရေကြီးရေလျှံမှု ရေရှည်ဖြစ်ပွားနေခြင်းဖြစ်သည်။
ရေကြီးနစ်မြုပ်မှု တစ်ပတ်ထက်မက ကြာမြင့်လာသည့်အပြင် လက်ရှိတွင် အတ္ထရံမြစ်ရေသည် ကျိုက်မရောမြို့ ၏ စိုးရိမ်ရေအမှတ် ၅၀၀ စင်တီမီတာထက် ကျော်လွန်ကာ ၅၃၈ စင်တီမီတာအထိ ရောက်ရှိနေသဖြင့် ရေကျ သွားခြင်းမရှိဘဲ ရေဘေးသင့်သူ အရေအတွက် ထပ်မံတိုးလာနိုင်သည့် အခြေအနေဖြစ်နေသည်။
ထို့ပြင် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ကျိုက်မရောမြို့ ကျောက်တောင်တောရကျောင်းမှ သက်တော် ၆၈ နှစ် အရွယ် ရဟန်းတစ်ပါး ရေနစ်၍ ပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
ကျိုက်မရော ဒေသခံတစ်ဦးက “မွန်ပြည်နယ်ရဲ့ တခြားမြို့နယ်အများစုမှာတော့ ရေတွေ ပြန်ကျသွားပြီ။ ဒါပေ မဲ့ ကျိုက်မရောမှာတော့ ရေပြန်မကျဘဲ နေ့တိုင်း ရေတိုးလာနေတယ်။ တစ်ပတ်ကျော် ရေမြုပ်နေတာဆိုတော့ သောက်သုံးရေနဲ့ အစားအသောက်၊ ဆေးဝါးတွေ တော်တော်လေး လိုအပ်နေပါပြီ” ဟု ပြောသည်။
လက်ရှိတွင် ရေဘေးသင့်သူအချို့ကို ကျိုက်မရောမြို့ပေါ်တွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းနှစ်ခု အပါအဝင် ချောင်းနှစ်ခွ၊ ဦးလေး၊ အတ္ထရံ၊ ရေပူကော့စပ်၊ လှာကဇိုင်း၊ ငပြေမ ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် နေအိမ်အချို့တို့တွင် ယာယီပြောင်းရွှေ့ နေရာချထားပေးရသည်။
ရေကြီးနစ်မြုပ်မှု အခြေအနေကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ မြို့ပေါ် စာသင်ကျောင်းများနှင့် ကျေးရွာများ ရှိ စာသင်ကျောင်းပေါင်း ၄၀ နီးပါးကို ယာယီပိတ်ထားရသည်။
လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အလှူရှင်တွေက ထမင်းထုပ်နဲ့ သောက်သုံးရေ လာလှူကြတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရွာတချို့ ဆီကိုတော့ အလှူရှင်တွေ မရောက်နိုင်ကြသေးပါဘူး” ဟု ပြောသည်။
မွန်ပြည်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်၊ ဘီးလင်း၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ချောင်းဆုံ၊ မုဒုံ၊ ရေး နှင့် ကျိုက်မရော မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်း အတ္ထရံမြစ်ရေ အဆက်မပြတ် မြင့်တက်နေသည့် ကျိုက်မရောမြို့နယ်တွင်မူ ရေဘေးဒဏ်ကို အဆိုးရွားဆုံး ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ် သည်။