ဇနီးဖြစ်သူအား အခြား ယောက်ျားများနှင့်အတူ လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် ဗြိတိန်အမျိုးသား တရားရင်ဆိုင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။
အင်္ဂလန်မြောက်ပိုင်းမှ အသက် (၆၀) အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးဖြစ်သူအား နှစ်ပေါင်း ၂၀ ကျော်ကြာ မူးယစ်ဆေးတိုက်ကျွေးကာ အခြားအမျိုးသားများ၏ အကူအညီဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့မှုကြောင့် တရားရင်ဆိုင်နေရကြောင်း CNN နှင့် Yahoo News သတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသားအား အမှုပေါင်း (၄၈) မှုဖြင့် တရားစွဲဆိုထားပြီး ၎င်းက မုဒိမ်းမှု အပါအဝင် အမှု (၁၅) မှုကို ဝန်ခံထားသော်လည်း ကျန်ရှိနေသည့် အမှု (၃၃) မှုကိုမူ ငြင်းဆိုထားသည်။
ယင်းအမှုတွင် ခင်ပွန်းဖြစ်သူအပြင် အသက် (၂၈) နှစ်မှ (၇၃) နှစ်အရွယ်ကြားရှိ အခြားအမျိုးသား (၁၂) ဦးလည်း ပူးပေါင်းပါဝင်နေကြောင်း သိရသည်။
ခင်ပွန်းဖြစ်သူသည် အဆိုပါ အမျိုးသားများကို နေအိမ်သို့ ဖိတ်ခေါ်ကာ ဇနီးဖြစ်သူအား စော်ကားစေခဲ့ခြင်းဖြစ်သည်ဟု တရားလိုရှေ့နေများက ထွက်ဆိုထားသည်။
သို့သော် ယင်းအမျိုးသား (၁၂) ဦးကမူ စွဲချက်များကို ငြင်းဆိုထားကြသည်။
ယခုအမှုကို မန်ချက်စတာမြို့ရှိ တရားရုံးတွင် (၁၂) ပတ်ကြာ ကြားနာစစ်ဆေးသွားမည်ဖြစ်သည်။
ဇနီးဖြစ်သူ၏ ဂုဏ်သိက္ခာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအတွက် ခင်ပွန်းဖြစ်သူ၏ အမည်နာမကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်း မရှိပေ။
ယင်းအမှုနှင့် ဆက်စပ်နေသည့် နောက်ထပ် အမျိုးသားတစ်ဦးကမူ ပြစ်မှုကျူးလွန်ကြောင်း သီးခြားဝန်ခံထားပြီး ပြစ်ဒဏ်ချမှတ်ခံရရန် စောင့်ဆိုင်းလျက်ရှိသည်။