ရခိုင်ပြည် တောင်ဘက်ပိုင်းတွင် စစ်အုပ်စုတပ်က ရေကြောင်းမှ ပစ်ခတ်၍ ကမ်းကပ်ရန် ကြိုးပမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်

ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ ကမ်းခြေတစ်လျှောက်တွင် စစ်အုပ်စုတပ်က စစ်ရေယာဉ်များဖြင့် ပင်လယ်ပြင်မှ ပစ်ခတ်မှုများ ပြုလုပ်ကာ ကမ်းကပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဒေသခံ စစ်ရေး သတင်းရင်း မြစ်များက ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီခန့်မှ စတင်၍ စစ်တပ်၏ စစ်သင်္ဘောများသည် ရေကြောင်းမှတစ်ဆင့် ဂွမြို့နယ် ကျိန္တလီနှင့် သံတွဲမြို့နယ် ဂျိတ္တော အနီးပတ်ဝန်းကျင် နေရာများကို ပစ်ခတ်တိုက် ခိုက်နေခြင်း ဖြစ်သည်။

သံတွဲဒေသခံ ပရဟိတ လုပ်ဆောင်သူ အမျိုးသားတစ်ဦးက ဒီနေ့ ၁၁ နာရီလောက်ကတည်းက သံတွဲနဲ့ ဂွ ဘက် ကို နေဗီက လှမ်းပစ်နေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက သံတွဲနဲ့ ဂွ ပင်လယ်ပြင်မှာ ရွှေသောင်ယံဘက်က နေဗီတွေ ရောက်တာ ၆ စီးလောက်ရှိတယ်။ တပ်တော်ကလည်း ကမ်းခြေရွာတွေကို အချိန်ပိုင်းပဲ ဝင်ခွင့်ပြုထားတာ ဟု ပြောသည်။ နေဗီဆိုသည်မှာ ရေတပ်ကို ခေါ်ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း၊ ရွှေသောင်ယံဘက်တွင် တပ်မ (၁၀၁) စစ်ကြောင်းက ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေသကဲ့သို့ ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်များတွင် ရွှေသောင်ယံမြို့ကို ဖြတ်သန်း၍ ရခိုင် – ဧရာဝတီ ကမ်းခြေပတ် ပင်လယ်ပြင်လမ်းကြောင်းအတိုင်း လာရောက်သည့် စစ်အုပ်စုတပ် ရေယာဉ်များသည် လက်ရှိတွင် ဂွနှင့် သံတွဲ ကမ်းခြေအနီးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

သံတွဲဒေသခံက လက်ရှိ သံတွဲနဲ့ ဂွကို စစ်တပ်ကမ်းကပ်ဖို့ လုပ်လာတာပါ။ ဒီနေ့ အထိအခိုက် မသိရသေးဘူး။ သံတွဲ ဂျိတ္တော ကမ်းခြေ ထိတယ်။ မေရိုးဘက်မှာ စစ်သင်္ဘော တော်တော် ကမ်းနဲ့ နီးလာတယ် ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းရှိ ချောင်းသာကမ်းခြေ မြောက်ဘက်မှ ရွှေသောင်ယံ၊ ဘောမိနှင့် မကျည်းစင် ကျေးရွာများသည် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ဂွအငူ၊ ကြွေချိုင်နှင့် ဂွမြို့တို့သို့ ကုန်းလမ်း၊ ရေလမ်း နှစ်မျိုးစလုံး ဖြင့် တစ်ဆက်တည်း ဆက်သွယ်ထားသည့် ဒေသများဖြစ်သည်။

အဆိုပါ ဘောမိနှင့် မကျည်းစင် ကျေးရွာများကို အာရက္ခတပ်တော် (AA) က စိုးမိုးထိန်းချုပ်ထားသဖြင့် စစ်အုပ်စု တပ်သည် ပင်လယ်ပြင် ရေကြောင်းလမ်းမှတစ်ဆင့် ရခိုင်တောင်ပိုင်းသို့ အင်အားဖြည့်တင်းလာခြင်း ဖြစ်သည်။

လက်ရှိတွင် ရခိုင်တောင်ပိုင်း ပင်လယ်ပြင်၌ စစ်အုပ်စုတပ်၏ စစ်သင်္ဘော ၂၀ ကျော် တပ်စွဲထားပြီး သံတွဲမြို့ မောင်ရွှေလေးရွာအနီး၊ ဂွမြို့ ကမ်းခြေများနှင့် ကျိန္တလီ ကမ်းခြေအနီးတို့တွင် စစ်ရေယာဉ်များ ချထားကာ ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများကို ဒရုန်းများ၊ ကင်းထောက် လေယာဉ်များဖြင့် စောင့်ကြည့်လျက်ရှိသည်။

အာရက္ခတပ်တော် (AA) က ဂွနှင့် သံတွဲမြို့နယ်တို့တွင် ရေကြောင်းဘေးအန္တရာယ်ကို အထူးသတိပြုကြရန် အသိပေးထားပြီး ကမ်းခြေကျေးရွာများသို့ အသွားအလာ ကန့်သတ်ခြင်းနှင့် လူမစုကြရန် နှိုးဆော်ထားသည်။

ထို့ပြင် စစ်ရေး အခြေအနေများကြောင့် ဂွ၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်များ၌ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ သွားလာလှုပ်ရှားမှု မပြုလုပ်ကြရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။

စစ်အုပ်စုတပ်၏ မြေပြင်စစ်ကြောင်းများသည် ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ရန် ကုန်းလမ်း၊ ရေလမ်း နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင် ပုသိမ် – ရွှေသောင်ယံ လမ်းပိုင်း၊ ကမ်းခြေပတ်လမ်းနှင့် ရေပြင် ချောင်းလက်တက်များ၌ စစ်အင်အား ဖြည့်တင်းပြင်ဆင်နေသည့်အပြင် ပြည်မြို့နှင့် ရန်ကုန်မြို့တို့မှ စစ်ကားများ လည်း ထပ်မံ ရောက်ရှိနေသည်။

ဓါတ်ပုံ – ULA/AA