တရုတ်-နီပေါ ရေဘေးတွင် တရုတ်၏ သတင်းအချက်အလက် ထိန်းချုပ်မှုအပေါ် ဝေဖန်မှုများ ရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။

တရုတ်-နီပေါ နယ်စပ်ဒေသတွင် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့သည့် ရေကြီးရေလျှံမှုတွင် တရုတ်နိုင်ငံဘက်ခြမ်းမှ ထိခိုက်ခံစားရသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို တရုတ်အစိုးရက တင်းကျပ်စွာ ထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု AP သတင်း တပုဒ်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံပေါင်းစပ် စာရင်းများအရ သေဆုံးသူ ၁,၀၀၀ ကျော်နှင့် ပျောက်ဆုံးသူ ၄,၅၀၀ ထက်မနည်း ရှိနေသည့် အဆိုပါ ဘေးအန္တရာယ်တွင် တရုတ်အစိုးရသည် သဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းအချက်အလက် စီးဆင်းမှုကို စိစစ်ကန့်သတ်လေ့ရှိသည့် အလေ့အထကို ထပ်မံပြသလိုက်ခြင်းလည်း ဖြစ်သည်ဟု AP သတင်းက ဆိုသည်။

တရုတ်အစိုးရသည် သေဆုံး၊ ပျောက်ဆုံးစာရင်းများကို ရက်ပေါင်းများစွာ အကြာမှတစ်ကြိမ် သတင်းထုတ်ပြန်လေ့ရှိသည်။  

ရေဘေးသင့် ဒေသများသို့ သွားရောက်သတင်းယူခွင့်ကိုလည်း ထိပ်တန်း အစိုးရပိုင် မီဒီယာများ ဖြစ်သော ဆင်ဟွာနှင့် CCTV တို့ကိုသာ ခွင့်ပြုထားသည်။

ထို့ပြင် အဆိုပါ ထိပ်တန်း မီဒီယာများသည် ပျောက်ဆုံးနေသူများ သို့မဟုတ် ၎င်းတို့၏ ကျန်ရစ်သူ မိသားစုများ၏ အမည်နှင့် မျက်နှာများကို ဖော်ပြခြင်း မရှိဘဲ အကူအညီပေးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ် အခြေအနေများကိုသာ အဓိကထား ထုတ်လွှင့်နေကြသည်။

အခြားတစ်ဖက်တွင်မူ အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များအပေါ် မေးခွန်းထုတ်သည့် လူမှုကွန်ရက် ပို့စ်များရေးသားခဲ့သူ အနည်းဆုံး ၁၀ ဦးထက်မနည်းကို တရုတ်နိုင်ငံတစ်ဝှမ်းတွင် ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းအခြေအနေသည် နီပေါနိုင်ငံဘက်ခြမ်းနှင့် များစွာ ကွဲပြားခြားနားနေသည်။

နီပေါအစိုးရသည် သေဆုံး/ပျောက်ဆုံးသူ စာရင်းများကို ပုံမှန် အသိပေးထုတ်ပြန်လျက်ရှိပြီး၊ သတင်းထောက်များနှင့် လူမှုကွန်ရက် အသုံးပြုသူများအား ကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို လွတ်လပ်စွာ ရိုက်ကူးဖော်ပြခွင့် ပေးထားသည်။

တိဘက်ဒေသအတွင်း သေဆုံးသူ ၂၁ ဦးနှင့် ပျောက်ဆုံးသူ ၅၄၁ ဦး (နိုင်ငံခြားသား ၂၆၁ ဦး အပါအဝင်) ရှိကြောင်း အနီးစပ်ဆုံး တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်အစိုးရသည် သေဆုံးသူ စာရင်းကို ဗုဒ္ဓဟူးနေ့အထိ ထပ်မံပြင်ဆင်ခြင်း မရှိခဲ့ပေ။

နောက်ဆုံး ရရှိသော သောကြာနေ့ညပိုင်း ထုတ်ပြန်ချက်တွင်မူ သေဆုံးသူ ၃၁ ဦးအထိ မြင့်တက်လာပြီး ၅၃၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

နီပေါအစိုးရသည် ကယ်ဆယ်ရရှိသူများ၏ အမည်စာရင်း ပါဝင်သော ဝဘ်ဆိုက်တစ်ခုကို ထူထောင်ပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အချိန်နှင့်အမျှ ထုတ်ပြန်ပေးနေသည်။

နီပေါနှင့် နိုင်ငံခြားသတင်းထောက်များအား ရေဘေးသင့်ဒေသများ၊ ကယ်ဆယ်ရေး စခန်းများနှင့် အစုလိုက်သဂြိုဟ်သည့် နေရာများသို့ သွားရောက်သတင်းယူခွင့် ပြုထားသည်။

သို့သော် တရုတ်ဘက်ခြမ်းတွင်မူ ဆင်ဟွာ (Xinhua) နှင့် CCTV အစိုးရပိုင် မီဒီယာနှစ်ခုမှ သတင်းထောက် အနည်းငယ်မှလွဲ၍ ကျန်သူများအား ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။

Associated Press (AP) သတင်းဌာနက သွားရောက်သတင်းယူခွင့် တောင်းခံခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ဟု ဆိုသည်။  

အထူးသဖြင့် တိဘက်ဒေသသည် သတင်းအချက်အလက် အဆက်အသွယ်နှင့် ခရီးသွားလာခွင့်များကို တင်းကျပ်စွာ ထိန်းချုပ်ထားလေ့ရှိသည့် ဒေသတစ်ခု ဖြစ်သည်။

ဂြိုဟ်တုနှင့် ဒရုန်းများသုံး၍ ကယ်ဆယ်ရေးဆောင်ရွက်မှုများ၊ ရဲတပ်ဖွဲ့၏ ကူညီပေးမှုများကိုသာ CCTV က အဓိကပုံဖော် ထုတ်လွှင့်နေသည်။  

အချို့သော တရုတ်သတင်းထောက်များသည် သေဆုံးသူများ၏ မိသားစုဝင်များကို တွေ့ဆုံမေးမြန်းခြင်း မပြုရန်နှင့် ဆင်းဟွာသတင်းဌာနမှ အချက်အလက်များကိုသာ အသုံးပြုရန် ညွှန်ကြားခံထားရ သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ပြောသည်။