ဗန်းမော်-ရွှေကူ အစပ် ဧရာဝတီမြစ်ကူးတံတားကို စစ်တပ် ဗုံးကြဲ၍ ရထားလမ်းနှင့် ကားလမ်း ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
ကချင်ပြည်၊ ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်အစပ်ရှိ လမ်းပန်းဆက်သွယ်ရေးနှင့် စစ်ရေးအရ အရေးပါသော စင်းခန်း ဧရာဝတီမြစ်ကူး သံမဏိသံဘောင်တံတားကို စစ်အုပ်စုတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချဖျက်ဆီးခဲ့သဖြင့် တံတားပေါ်ရှိ ရထားလမ်းနှင့် ကားလမ်းများ ထိခိုက်ပျက်စီးသွားခဲ့သည်။
ဗန်းမော်မြို့သို့ ရေကြောင်းမှ စစ်ကူနှင့် လက်နက်ရိက္ခာ ပို့ဆောင်သည့် စစ်အုပ်စု၏ စစ်သင်္ဘောတန်းများမှာ စင်းခန်းတံတားအနီး၌ တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်အချို့ အလံဖြူထောင် အလင်းဝင်ခဲ့ပြီးနောက် စစ်အုပ်စုတပ်က အဆိုပါ မြစ်ကူးတံတားကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် တံတား၏ အရှေ့ဘက်ခြေရင်းပိုင်းရှိ သံဘောင်များ ပျက်စီးသွားပြီး ကားတစ်စီး စာခန့် တံတားကြမ်းပြင် ပေါက်ထွက်သွားသည့်အပြင် ရထားသံလမ်းပါ လုံးဝအသုံးပြု၍ မရတော့သည်အထိ ထိခိုက်ပျက်စီးခဲ့ရသည်။
လက်ရှိ မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဗန်းမော်ဒေသခံတစ်ဦးက ”စင်းခန်းတံတားဆိုတာ ကသာ၊ ဗန်းမော် နဲ့ စစ်ကိုင်း၊ ရှမ်းမြောက်ဘက်ကို ဆက်ထားတဲ့ အဓိက သွေးကြောပဲ။ ရထားရော ကားပါ သွားလို့ရတဲ့ တံတား ကို အခုလို ဖျက်ဆီးလိုက်တော့ စစ်အုပ်စုထက် စားဝတ်နေရေးနဲ့ ခရီးသွားလာရေးအတွက် ဒေသခံ ပြည်သူတွေ ပဲ ပိုဒုက္ခရောက်ကုန်တာ။ အခုလည်း အနားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ မြေပြင်မှာ သွားကြည့်ဖို့တောင် မလွယ်ဘူး” ဟု ပြောသည်။
စင်းခန်းဒေသသည် ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမှ ဗန်းမော်သို့ ဆန်တက်လာသည့် ရေယာဉ်များ ဖြတ် သန်းရသော ဒုတိယမြစ်ကျဉ်းအနီးတွင် တည်ရှိသဖြင့် ကုန်းလမ်းရော ရေလမ်းပါ စစ်ရေးအရ အလွန်အရေးပါ သည့် နေရာတစ်ခု ဖြစ်သည်။
စင်းခန်းဒေသ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ဗန်းမော်ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ”စင်းခန်းနားမှာ တိုက်ခိုက်ခံရလို့ ကျန်ခဲ့တဲ့ စစ်သားတွေအပြင် ဝဲမ၊ ဆင်စခန်းနဲ့ နောင်မိုဘက်က ဒီကောင် (စစ်အုပ်စုတပ်) တွေဘက်က တပ်မဟာ ၈ နယ်မြေမှာ နယ်မြေရှင်းလင်းရေး ဆက်လုပ်နေတာပါ။ သူတို့ဘက် က ရေကြောင်း စစ်ကူတွေ တိုက်ခိုက်ခံရပြီး အလင်းဝင်တာတွေ ရှိလာတော့မှ ဒီအဓိက တံတားကို လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီး သွားတာ ဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် မန္တလေးဘက်မှ ဗန်းမော်သို့ စစ်အုပ်စု၏ ရေယာဉ်တန်းများ ထပ်မံဆန်တက်လာနေသလို ရွှေကူနှင့် ဗန်းမော်မြို့နယ်အကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် စစ်အုပ်စုတပ်တို့ အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။