မြဝတီတွင် စစ်ဘေးရှောင်စခန်း ဒရုန်းဖြင့် ဗုံးကြဲခံရ၍ ကလေးတစ်ဦးအပါအဝင် ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။

ကရင်ပြည်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဖလူးဒေသရှိ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းကို စစ်အုပ်စု တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများ တာဝန်ရှိသူများနှင့် စခန်းတာဝန်ခံက ပြောသည်။

မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ဘေးရှောင်များ နေ့လယ်စာ သုံးဆောင်နေချိန်၌ စစ်အုပ်စုတပ်က အဆိုပါ စစ်ဘေးရှောင်စခန်း တည့်တည့်ကို ဒရုန်းဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (Human Rights Foundation of MonLand) မှ ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က စစ်အုပ်စုရဲ့ ဒရုန်းဗုံးထိတာပါ။ ပလောတပို့စခန်းအနီး လမ်းမတန်းပေါ်ကို ကြဲချတာပါ။ ပထမတလုံးက လမ်းမတန်းဘေး အိမ်တအိမ်နားကျတယ်၊ နေအိမ်ထဲက ကလေး အစမှန်ပြီး နေရာမှာပဲ ဆုံးတယ်။ လည်ပင်းထိတာ။ နောက် အမျိုးသမီးတဦးက ဒုတိယကြဲတဲ့အလုံးကို ထိတယ်။ ကေ့စ်နှစ်ခုပေ့ါ။ နေရာနှစ်နေရာ။ နှစ်ဦးစလုံးက မိသားစု နှစ်စုက လာတာဖြစ်တယ် ဟု ပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မင်းလက်ပံကျေးရွာမှ ပလောတပို့စခန်းသို့ စစ်ဘေးတိမ်းရှောင်လာသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်မှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့ပြင် နေအိမ်သို့ ပြေးဝင်ခိုလှုံသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ထပ်မံ ထိမှန်ခဲ့ပြီး မဲဆောက် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ထိုည ၇ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

စစ်အုပ်စုတပ်၏ လေကြောင်းနှင့် ဒရုန်းအန္တရာယ် စိန်ခေါ်မှုများနှင့် ပတ်သက်၍ နိုင်အဲမွန်က ယခုကဲ့သို့ ဆက်ပြောသည်။

နောက်ပိုင်း စွမ်းဆောင်ရည်မြင့် ဒရုန်းတွေနဲ့ လှည့်တိုက်တာ ပိုများလာတယ်။ အရင်လို လေယာဉ်နဲ့က တစ်ခါ တစ်လေပဲ ကင်းထောက်ပုံစံ ကြားတော့တယ်။ လက်နက်ကြီးနဲ့ အဝေးက နေလှမ်းပစ်တာတွေလည်း တချို့ ရှိတယ်။ စခန်းတိုင်းနဲ့ ရွာတွေမှာတော့ အခုနောက်ပိုင်း လုံခြုံရေးနဲ့ ကာကွယ်ရေး အစီအမံတွေ ပြင်ဆင်မှုတွေ ရှိလာခဲ့တာ တွေ့ရတယ်။ သို့သော် နေ့တဓူဝ လှုပ်ရှားမှုတွေကြား ရှောင်တခင် တိုက်ခိုက်မှုတွေကိုတော့ တုံပြန်နိုင်စွမ်းနည်းကြတယ်။ ဒါကြောင့်လည်း ထိခိုက်တာတွေ တိမ်းပါးတာတွေ ဖြစ်နေဆဲပါပဲ ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

အဆိုပါ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇဇင်ဘာလ တတိယအပတ် လေးကေ့ကော်မြို့သစ် တိုက်ပွဲအပြီးတွင် ယာယီစစ်ရှောင်တဲများအဖြစ်မှ စခန်းအဖြစ် တည်ထောင်လာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း အဆိုပါ စစ်ဘေးရှောင်စခန်းကို စစ်အုပ်စုတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ သဖြင့် အမျိုးသားတစ်ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

လက်ရှိတွင် အဆိုပါ စခန်း၌ ကော့ကရိတ်မြို့နယ်အတွင်းရှိ နန်းရွှေမိတ်၊ မိဖာလဲ့၊ ထီဖိုးစံ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်တပွဲနှင့် နောင်မိ စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူများ လာရောက်ခိုလှုံလျက်ရှိ ကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

ဓာတ်ပုံ – (Human Rights Foundation of MonLand)