ထိုင်း မူကြိုကျောင်းအတွင်း အမျိုးသမီးတစ်ဦးကို ယောက်ျားဖြစ်သူ ရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊  စက်တင်ဘာ ၉ ရက်။

ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေအနီး ချွန်ဘူရီခရိုင်၊ ဘန်းလမုန်းမြို့နယ်ရှိ မူကြိုကျောင်း တစ်ကျောင်းအတွင်း စက်တင်ဘာလ ၉ ရက် ဒီနေ့နံနက်ပိုင်းက အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

သံသယရှိသူမှာ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဒုတိယရဲအုပ်တစ်ဦး ဖြစ်သည်။

အခင်းဖြစ်ပွားချိန်တွင် မူကြိုကျောင်းအတွင်းရှိ ကလေးငယ်များကို ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

ဖြစ်စဉ်အပြီးတွင် မိဘများ ရောက်ရှိလာကာ ကလေးများကို ပြန်လည်ခေါ်ဆောင်သွားခဲ့ကြသည်။

သေဆုံးသူမှာ အသက် ၄၈ နှစ်အရွယ် မစ္စ ဖိုင်လင်း (Phailin) ဆိုသူ ဖြစ်ပြီး နံနက် ၁၁ နာရီဝန်းကျင်တွင် မူကြိုကျောင်း၏ ပထမထပ် ထမင်းစားဆောင်အတွင်း သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အခင်းဖြစ်နေရာအနီးမှ ၉ မမ ကျည်ခွံတစ်ခုကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သံသယရှိသူသည် သေဆုံးသူနှင့် စကားပြောဆိုပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ကာ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လည်မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။