Sauna က သွေးချိုဆီးချိုနှင့် နှလုံးအတွက် အကျိုးပြု၊ သုတေသီများ အသေးစိတ်လေ့လာမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

ချွေးထုတ်ခန်း (Sauna) ကို ပုံမှန် အသုံးပြုခြင်းသည် အမျိုးအစား (၂) သွေးချို/ဆီးချိုရောဂါကို သက်သာစေပြီး နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေကို လျော့နည်းစေသည်ဟု လေ့လာချက်အချို့တွင် တွေ့ရှိခဲ့သည်။

သို့သော် အဆိုပါ တွေ့ရှိချက်များသည် ပြီးပြည့်စုံသည့် သုတေသနများ မဟုတ်သေးသဖြင့် Sauna ဝင်ခြင်းနှင့် အပူကုထုံးများ သုံးစွဲခြင်းက ကျန်းမာရေးကို မည်သို့ အကျိုးပြုသည်ဆိုသည်ကို ခိုင်မာသည့် ဆေးဘက်ဆိုင်ရာ အထောက်အထားများ ရရှိရန်အတွက် နိုင်ငံတကာ သိပ္ပံပညာရှင်များက စနစ်တကျ သုတေသနပြုလျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းက နော်ဝေးနိုင်ငံ၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အပူကုထုံး သုတေသန စာတမ်းဖတ်ပွဲတွင် အမေရိကန်၊ ကနေဒါနှင့် ဆွီဒင်နိုင်ငံတို့မှ သိပ္ပံပညာရှင်များ စုဝေး၍ အပူကုထုံးဆိုင်ရာ စံနှုန်းများကို စနစ်တကျ သတ်မှတ်ရန် ဆွေးနွေးခဲ့ကြသည်။

ပဏာမ သုတေသနတွေ့ရှိချက်များအရ Sauna ဝင်ခြင်းသည် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်သကဲ့သို့ သွေးဖိအားကို ကျစေပြီး နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေသည်ဟု ဆိုသည်။

ထို့ပြင် အမျိုးအစား (၂) ဆီးချိုရောဂါသည်များနှင့် စိတ်ကျရောဂါ ခံစားနေရသူများအတွက်လည်း သက်သာပျောက်ကင်းမှုအချို့ ပေးနိုင်သည်ဟု ဆိုသည်။

ဖင်လန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေ့လာချက်များအရလည်း တစ်ပတ်လျှင် ၄ ကြိမ်မှ ၇ ကြိမ်အထိ Sauna ဝင်သူများသည် နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ လျော့နည်းကြောင်း တွေ့ရှိထားသည်။

သို့သော် ထိုတွေ့ရှိချက်များကို နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင် လမ်းညွှန်ချက်အဖြစ် အသိအမှတ်ပြုနိုင်ရန် ခိုင်မာသည့် စမ်းသပ်မှုများ (Randomized controlled trials) ထပ်မံပြုလုပ်ရန် လိုအပ်နေသေးကြောင်း သုတေသနပညာရှင်များက ထောက်ပြထားသည်။