တနင်္သာရီတိုင်း ပုလောတွင် စစ်တပ်၏ ကာကင်းစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မြိတ်-ထားဝယ် လမ်းမကြီးပေါ်ရှိ စစ်တပ်၏ ကာကင်းစခန်းတစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်အုပ်စု ခလရ (၂၈၅) တပ်ရင်း၏ ကာကင်းစခန်းကို အောက်တိုဘာလ ၁၂ ရက် နံနက် ၆ နာရီခွဲအချိန်တွင် KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းတို့ ပူးပေါင်း၍ စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း ပါဝင်ခဲ့သူ ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲက တော်တော်လေးကြမ်းတယ်၊ စစ်တပ်ဘက်က အင်အားက ၂၅ ယောက်လောက်ရှိတယ်၊ ၆၀ မမ ဗုံးသီးတွေရော ပွိုင့်ဖိုက်နဲ့ပါ ပြန်ပြီး ပစ် ခတ်ခဲ့သေးတာ” ဟု မြေပြင် တိုက်ပွဲအခြေအနေကို ပြောပြသည်။
နှစ်ဖက်တိုက်ပွဲမှာ ၁ နာရီခန့် အပြင်းအထန် ကြာမြင့်ခဲ့ပြီး နံနက် ၇ နာရီခွဲအချိန်တွင် အဆိုပါ ကာကင်းစခန်း တစ်ခုလုံးကို ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် မျက်မြင် ၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိသည်။
ထို့ပြင် တိုက်ပွဲအတွင်းမှ MA-1 ၁ လက်၊ MA-3 ၁ လက်၊ OG ၁ လက်၊ AK ၁ လက် စုစုပေါင်း သေနတ် ၄ လက်၊ ၆၀ မမ စိန်ပြောင်း ၁ ခု၊ ၆၀ မမ ဗုံးသီး ၁၄ လုံး၊ အီနာဂါ ၆ လုံး၊ ကျည်ဘောက် ၆ ခုနှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။
မကျည်းကုန်းကျေးရွာသည် မြိတ်-ထားဝယ် သွား အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး လက်ရှိတွင် ပုလောမြို့နယ် အနီးဝန်းကျင် နေရာအများအပြားကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက စိုးမိုးထိန်းချုပ်ထားသဖြင့် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။
ဓာတ်ပုံ – (ပုလောမြို့နယ်အတွင်း ကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်အပြီး စစ်အုပ်စုတပ်ထံမှ သိမ်းဆည်းရမိ ခဲ့သော လက်နက်ခဲယမ်းများ။ / Crd)