မကွေးတိုင်းအတွင်း ကျေးရွာတရွာကို စစ်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

မကွေးတိုင်း၊ ပုသိမ်-မုံရွာ လမ်းမကြီးဘေး အရပ်သား ပြည်သူ များ နေထိုင်ရာ ကားဂိတ်ဝန်းကျင်ကို စစ်တပ်က ပါရာမော်တာ ၃ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာရှိ ကားဂိတ်ကို အောက်တိုဘာလ ၁၂ ရက် နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအတွင်း ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် အသက် ၄၀ အရွယ် ကိုစည်သူ (ခ) ဖိုးထူး သေဆုံးခဲ့ပြီး အရပ်သား ၃ ဦးခန့် မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်။

စစ်အုပ်စုတပ်သည် မဲဇလီတံတား တောင်ဘက်ခြမ်း ပုသိမ်-မုံရွာ ကားလမ်းမ အရှေ့ဘက်ခြမ်း တစ်လျှောက်သို့ ဗုံး ၉ လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ယခင် မဲဇလီ ရဲစခန်း ပတ်ဝန်းကျင်ရှိ နေအိမ်များနှင့် ရွာအဝင်ဝတို့လည်း ထိခိုက် ပျက်စီးခဲ့ရသည်။

မင်းတုန်းမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ ပါရာမော်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ပတ်အတွင်း နှစ်ကြိမ် မြောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း ကံမ-မင်းတုန်း နယ်စပ်ရှိ စစ်သုံ့ပန်းများကို ထိန်းသိမ်းထားရာ မင်းတုန်းနယ် ချင်းနစ်ကျေးရွာကို စစ်အုပ်စုတပ်က ပါရာမော်တာဖြင့် ဗုံးကြဲခဲ့သဖြင့် ၁၂ နှစ်အရွယ် ကလေး တစ်ဦးနှင့် အဖိုးအိုတစ်ဦး သေဆုံးခဲ့ဖူးသည်။

အသက် ၇၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက “အခု ဗုံးကြဲခံရတော့ လက်စားချေ တိုက်ခိုက်မှုလို့ စစ်အုပ်စု ထောက်ခံသူတွေက ကြွေးကြော်ကြတယ်။ ကျနော်တို့က ပြေးစရာမရှိ၊ လာရင်လည်း ဘယ်သူဘဲဖြစ်ဖြစ် ပေးရ ကျွေးရတာပါပဲ” ဟု ပြောသည်။

မဲဇလီကျေးရွာကို ဗုံးကြဲပြီးနောက် စစ်တပ်၏ အဆိုပါ ပါရာမော်တာများသည် ကပစ (၁၂) သို့ အပြန်တွင် အနိမ့်မှ ပျံသန်းခဲ့သဖြင့် လယ်ရဲနှင့် မှိုက်ကျေးရွာနေ ပြည်သူများ အထိတ်တလန့် ထွက်ပြေးခဲ့ကြရသည်။

ထို့ပြင် အောက်တိုဘာလ ၄ ရက်နေ့ကလည်း ကံမမြို့နယ်အခြမ်းရှိ ကျောက်ပဒေါင်းကျေးရွာကို စစ်အုပ်စုတပ်က ကာမီကာဇေ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ခိုင်းနွားတစ်ကောင် သေဆုံးကာ မီးဖိုဆောင်တစ်ခု ထိခိုက် ပျက်စီးခဲ့ ဖူးသည်။

ဓာတ်ပုံ – မကွေးတိုင်းအတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အရပ်သား နေအိမ်အချို့။ / Crd