ပါရှန်းပင်လယ်ကွေ့ ရေနံတင်ပို့မှု ပြန်တက်သော်လည်း စျေးနှုန်း ဆက်လက်မြင့်မား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
ပါရှန်းပင်လယ်ကွေ့ ဒေသမှ ရေနံတင်ပို့မှုများသည် အီရန်စစ်ပွဲ မဖြစ်ပွားမီ ကာလအတိုင်းနီးပါး ပြန်လည် စီးဆင်းလာသော်လည်း ရေကြောင်း တင်းမာမှုများနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များကြောင့် ကမ္ဘာ့ရေနံဈေး ဆက်လက် မြင့်တက်နေကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
နိုင်ငံတကာ ရေကြောင်းဆိုင်ရာ ကိန်းဂဏန်းများအရ အီရန်၊ အီရတ်၊ ဆော်ဒီအာရေးဘီးယား၊ ကာတာနှင့် အိုမန် အပါအဝင် ပါရှန်းပင်လယ်ကွေ့ ဒေသတစ်ခုလုံး၏ ရေနံတင်ပို့မှု ပမာဏသည် စစ်ပွဲမဖြစ်မီ ပမာဏ ဝန်းကျင်အထိ ပြန်လည် မြင့်တက်လာခဲ့သည်။
ဆော်ဒီအာရေးဘီးယားက ရေနံတင်ပို့မှုကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်သော်လည်း အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကြောင့် အီရန်၏ ရေနံတင်ပို့မှုမှာ သုညအထိ ကျဆင်းနေဆဲ ဖြစ်သည်။
ယခုကဲ့သို့ ရေနံတင်ပို့မှု ပမာဏ ပြန်လည် ကောင်းမွန်လာသော်လည်း ကမ္ဘာ့ ရေနံစံနှုန်းဖြစ်သော ဘရန့် (Brent) အကြမ်းထည် ရေနံတစ်ဘာရယ် စျေးနှုန်းမှာ ၁၀၈ ဒသမ ၈၂ ဒေါ်လာကျော်အထိ ဆက်လက် မြင့်တက်နေသည်။
ရေနံတင် သင်္ဘောများသည် စစ်ဘေးကင်းရာ ကုန်းကြောင်း ပိုက်လိုင်းများနှင့် အခြား လမ်းကြောင်းသစ်များကို ပြောင်းလဲ အသုံးပြုနေရသဖြင့် သယ်ယူပို့ဆောင်ရေး စရိတ် ပိုမို ကုန်ကျနေခြင်း၊ ဟော်မုဇ် (Hormuz) ရေလက်ကြားအတွင်း တိုက်ခိုက်ခံရမည့် အန္တရာယ် ရှိနေခြင်းနှင့် လာမည့် နိုဝင်ဘာ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအပြီး စစ်ရေး ပိုမို ပြင်းထန်လာမည်ကို စိုးရိမ်နေကြခြင်းတို့ကြောင့် ရေနံဈေး ကျဆင်းမလာသေးခြင်း ဖြစ်သည်။
တစ်ချိန်တည်းတွင် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ဟော်မုဇ် ရေလက်ကြားအတွင်း ဆီတင်သင်္ဘော ၇ စီး တိုက်ခိုက်ခံရပြီး မိုင်းထိမှန် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) တို့က အီရန်၏ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
အမေရိကန် စစ်ဘက်၏ ပြောကြားချက်အရ ဟော်မုဇ် ရေလက်ကြားမှ ကုန်သင်္ဘော ၉၅ ရာခိုင်နှုန်းခန့်သည် အမေရိကန် စစ်သင်္ဘောများ၏ စောင့်ရှောက်မှုဖြင့် ဘေးကင်းစွာ ဖြတ်သန်း သွားလာနေဆဲ ဖြစ်ကြောင်း သိရသည်။