သတင်းနှင့် မီဒီယာ ကွန်ယက်။
မေလ ၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရောက်ရှိနေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတစ်ရပ် ကျင်းပခဲ့ကြ၍ အလုပ်သမားတွေ၏ လုပ်ခလစာနှင့် နစ်နာဆုံးရှုံးမှုတွေရရှိဖို့ ဆွေးနွေးခဲ့ကြသည်။
ယနေ့ မနက်ပိုင်းက ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွင် ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်ပေါ်လာရသည့် အခြေခံအကြောင်းအရင်းကို အလုပ်သမားအဖွဲ့အစည်းတွေက ရှင်းလင်းပြောဆိုခဲ့ကြပြီး ယနေ့အခမ်းအနားကျင်းပခဲ့တာနဲ့ ပတ်သက်ပြီး ချင်းမိုင်ခရိုင်အတွင်း မြန်မာအလုပ်သမားအရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေသည့် MAP ဖောင်းဒေးရှင်းအဖွဲ့မှ နန်းထောင်ဒီ ယခုလို ပြောဆိုသည်။
အလုပ်သမားတိုင်း ဘယ်လုပ်ငန်းမဆိုပေါ့နော် ဒီထိုင်းနိုင်ငံမှာနေပြီးတော့ သူတို့မှာ ဘာအခွင့်အရေးတွေရှိတယ်ဆိုတာ သိစေချင်တယ် ပြီးတော့ အဲ့ဒီ ရှိတဲ့ အခွင့်အရေးတွေကို သုံးလို့ရအောင် စုပေါင်း စည်းလုံးညီညွတ်မှု ရှိအောင် တစ်ဦးနဲ့တစ်ဦး အဲ့လိုမျိုးပေါ့ စုပေါင်းပြီးတောာ့ လက်တွဲပြီးတော့ အလုပ်သမား တွေရဲ့ အခွင့်အရေးတွေကို စုပေါင်းတင်တောင်းကြတာပေါ့နော်
ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွင် ချင်းမိုင်မြို့နယ်အတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ ပန်ရံလုပ်ငန်း၊ ခြံလုပ်ငန်း၊ ဆိုင်လုပ်ငန်း၊ လိင်ဖျော်ဖြေရေးလုပ်ငန်း၊ အိမ်ဖော်လုပ်ငန်း စသည့် လုပ်ငန်း ၉ မျိုးတွင် လုပ်ကိုင်နေရသည့် ကြုံတွေ့မှုအခက်အခဲများကို ဆွေးနွေးခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၀ ကျော်က လုပ်ငန်းအလိုက် အုပ်စု ၉ စုခွဲ၍ ဆွေးနွေးရရှိလာသည့် အချက်အလက်များကို စုစည်းပြီး မေလ ၂ ရက်နေ့ မနက်တွင် ချင်းမိုင်မြို့တော်ခန်းမတွင်ရှိသည့် ချင်းမိုင်မြို့တော်ဝန်ထံတွင် တရားဝင်စာရေး တောင်းဆိုသွားကြမည်ဟု သိရသည်။
ယနေ့ကျင်းပသည့် အခမ်းအနားကို ထိုင်းအလုပ်သမား သမဂ္ဂ အဖွဲ့၊ MAP ဖောင်းဒေးရှင်း အဖွဲ့၊ရွှေ့ပြောင်းအလုပ်သမား ညီညွတ်ရေးအဖွဲ့ WFA / ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN/ ရွှေပြောင်းအလုပ်သမားများ ပေါင်းစည်းရေးအဖွဲ့ MWF/လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း HRDF တို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။