မွန်ပါတီ သုံးခု ပူးပေါင်းရန် သဘောတူပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
သြဂုတ်လ ၈ ရက်၊ ၂၀၁၈ ခုနှစ်။
ပေါင်းစည်းပြီးဖြစ်သည့် မွန်ပါတီ နှစ်ပါတီနှင့် အသစ်ဖွဲ့စည်းထားသော မွန်အမျိုးသား ကိုယ်စားပြုပါတီတို့ ပေါင်းစည်းရန် သြဂုတ်လ ၇ ရက်နေ့က သဘောတူညီလိုက်သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။
“ပေါင်းစည်း မွန်နှစ်ပါတီနဲ့ ၂၁ ဦးအဖွဲ့ ပြင်ပအင်အားစုပဲပြောပြောပေါ့နော် ဒီတွေ့ဆုံမှုကနေ ရရှိထားတဲ့ သဘော တူညီမှုအရဆိုရင်တော့ ဒီ ၃ ဖွဲ့က တစ်ခုတည်းဖြစ်ပြီးလို့ ပြောလို့ရတယ်” ဟု ပေါင်းစည်း မွန်နှစ်ပါတီမှ ကိုယ်စားလှယ် နိုင်လရီတမက ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသား ကိုယ်စားပြုပါတီတို့ ပေါင်းစည်းပြီး ပါတီတစ်ခုတည်း ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
မွန်တစ်ပါတီတည်းဖြစ်ရေးအတွက် ပေါင်းစည်း မွန်နှစ်ပါတီတို့နှင့် ပူးပေါင်းရန် သဘောတူညီမှုရရှိထားပြီး ဖြစ်သည့်အတွက် မွန်အမျိုးသားကိုယ်စားပြုအမည်ဖြင့် ပါတီမှတ်ပုံတင်မည့်ကိစ္စကို လုပ်တော့မည်မဟုတ်ကြောင်း မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေး ၂၁ ဦးအဖွဲ့ခေါင်းဆောင် နိုင်တလညီက ပြောသည်။
“ကျနော်တို့အနေနဲ့က မွန်အမျိုးသားကိုယ်စားပြုပါတီကို တည်ထောင်ခဲ့တဲ့ရည်ရွယ်ချက်က မွန်တွေမှာ တစ်ခုတည်းသောပါတီပေါ်ပေါက်ရေးအတွက် လုပ်ခဲ့တာဖြစ်တယ်၊ ဒီနေ့ဆွေးနွေးပွဲအနေအထားအရလည်း မွန်မှာတစ်ခုတည်းသောပါတီ ပေါ်ပေါက်လာမယ့်အနေအထားဖြစ်သွားပြီးဆိုတော့ မွန်အမျိုးသားကိုယ်စားပြုပါတီ ဆိုတာလည်း ဖြစ်လာစရာအကြောင်းမရှိတော့ဘူး”ဟု ၎င်း က ပြောသည်။
အင်္ဂါနေ့ တွေ့ဆုံမှုတွင် (၁) မွန်တစ်ပါတီဖြစ်ရေး (၂) အဆင့်အလိုက်ပါဝင်မှု (၃) ပါတီအမည်သစ်ကို အမည် ၁၃ ခု ထဲမှ ရွေးချယ်အတည်ပြုရန် (၄) ကျန်ပြင်ပအင်အားစုများ ပါဝင်လာရေး (၅) မပြီးပြတ်သေးသည့် ကျန်ကိစ္စရပ်များ ဆက်လက်ဆွေးနွေးသွားရန် စသည့် အချက် ၅ ချက် သဘောတူထားခဲ့ကြသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့က အပြီးသတ်ပေါင်းစည်းထားကြပြီး မွန်တစ်ပါတီ တည်းဖြစ်ရေးအတွက် ကျန်ရှိနေသေးသော မွန်နိုင်ငံရေးပါတီ အင်အားစုများ ပါဝင်လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
AMDP နှင့် MNP ပါတီတို့ အပြီးသတ်ပေါင်းစည်ရန် ဇူလိုင် ၂၁ ရက်နေ့က နှစ်ဘက်ပါတီတို့မှ ထိပ်သီးကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြပြီး ပေါင်းစည်းရေးကို သဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မွန်ပါတီများပေါင်းစည်းရေးကို ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်မှ စတင်ပြီး ကြိုးစားခဲ့ခြင်းဖြစ်သည်။ ပေါင်းစည်းမှုကြံ့ကြာနေခဲ့မှုကြောင့် ပါတီများမှ အင်အားစုအချို့ ခွဲထွက်ခဲ့ပြီး မွန်အမျိုးသား ကိုယ်စားပြုပါတီကို ထူထောင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ရာ ယခုအခါ အင်အားစုအားလုံး တစ်ပါတီတည်းတွင် ပူးပေါင်းသွားခြင်းဖြစ်သည်။
မွန်ပြည်နယ်တွင် မွန်အမျိုးသားများ ဖွဲ့စည်းထားသော ပါတီများတွင် အဆိုပါ မွန်နိုင်ငံရေးပါတီ (၃) ပါတီအပြင် မွန်ပြည်နယ်တွင် အမျိုးသမီးပါတီ (မွန်)တို့ ရှိသည်။