ငြိမ်းချမ်းရေး ညီလာခံ ရှင်းလင်းပွဲ လားဟူအဖွဲ့ ပြုလုပ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
သြဂုတ်လ ၈ ရက်၊ ၂၀၁၈ ခုနှစ်။

ပြည်တွင်း ပြည်ပရှိ လားဟူအဖွဲ့အစည်းများစုစည်း၍ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံအတွက် ရှေ့လုပ်ငန်းစဉ်များ ပြင်ဆင်နိုင်ရေး ကိစ္စ နှင့် တတိယအကြိမ် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူစာချူပ် ရှင်းလင်းပွဲ တစ်ရပ်ကို ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည်။

ယခု ရှင်းလင်းပွဲကို လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU မှ ဦးဆောင်၍ သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး အဓိက ဆွေးနွေးသွားမည့် အချက်များနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပရာတွင် ဦးဆောင်ပါဝင်သူတစ်ဦး ဖြစ်သည့် လားဟူအရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူ ကျာယေရှဲလ် မှ ပြောသည်။

အဓိကတော့ တတိယအကြိမ် ၂၁ ရာစု ပင်လုံမှာ ကျနော်တို့ အချက် ၁၄ ချက်လောက် သဘောတူညီခဲ့တာပေါ့ အဲ့ဒီ ၁၄ ချက်ထဲမှာပါတဲ့ဟာ စီးပွားရေးကဏ္ဍတို့၊ လုံခြုံရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ မြေယာနဲ့သဘာဝပတ် ဝန်းကျင် အဲ့ဒီ ကဏ္ဍကြီး ၅ ရပ်ပေါ့၊ အဲ့ဒီ ၅ ရပ်ကို ကျနော်တို့က လူထုကြားမှာ ဘယ်လောက်ထိ အစိုးရနဲ့ ဒီ နိုင်ငံရေးပါတီတွေရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော ဒီကြားထဲမှာ တူညီခဲ့တဲ့ အချက် ၁၄ ချက်ကို ကျနော်တို့ လားဟူလူထုထဲမှာ ပိုပြီးသိအောင် ဒါကျနော်တို့ ဆွေးနွေးပွဲ လုပ်ရချင်းဖြစ်ပါတယ်။

LDU-01

အစည်းအဝေးတွင် လားဟူလူငယ်အဖွဲ့အစည်း၊ လားဟူအမျိုးသမီး အဖွဲ့အစည်း၊ လားဟူအရပ်ဖက် အဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးမှ ခေါင်းဆောင် ကိုယ်စားလှယ်များ အပြင် မြို့နယ်အလိုက် လားဟူကိုယ်စားလှယ်များနှင့် လားဟူ နိုင်ငံရေးပါတီမှ ခေါင်းဆောင်ကိုယ်စားလှယ် စုစုပေါင်း ၆၀ ကျော် တက်ရောက်နေသည်။

ယနေ့အစည်းအဝေးတွင် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှ ရရှိလာသည့် အချက်များကို ရှင်းလင်း ပြောဆိုသွားပြီး နောက်ပိုင်းတွင် ၎င်းအခြေခံပေါ်မူတည်၍ လားဟူလူမျိုးတို့၏ ဘုံသဘောတူညီချက်တစ်ရပ် ရယူပြီး ရှေ့လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ပြီး စတ္တုထအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် လားဟူလူမျိုးတို့၏ လိုလားချက်များအား တင်ပြသွားနိုင်ရေး ပြင်ဆင်သွားမည်ဟု ကျာယေရှဲလ် မှ ဆက်ပြောသည်။

ဒီကြားထဲမှာ ကျနော်တို့ ပြန်စုပြီးမှ နောက်တစ်ကြိမ် ကျနော်တို့ စတ္တုထအကြိမ် ဒီ ၂၁ ပင်လုံလုပ်လာတဲ့အချိန်မှာ ကျနော်တို့ လားဟူတွေက ဘယ်လိုအကြောင်းအရာတွေကို ပြန်တင်သွင်းမလဲဆိုတဲ့ဟာကို အဓိက ကျနော်တို့ ရအောင် ဆွဲယူသွားမှာပေါ့ အဲ့ဒီ ရည်ရွယ်ချက်က ကျနော်တို့ ဒီ ဆွေးနွေးပွဲ လုပ်ရင်းနဲ့ ကျနော်တို့ လိုတဲ့ဟာကိုလည်း ပြန်ယူပြီးမှ ဒီစတ္တုထအကြိမ် အတွက်လည်း ပြင်ဆင်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့၊

LDU-02

ဒါ့အပြင် လားဟူဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးလည်းဖြစ် လားဟူအရပ်ဖက်အဖွဲ့အစည်း၌ လည်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကျာယေရှဲလ် ဆက်ပြောသည်မှာ ဒါ ပထမအကြိမ်လည်းဖြစ်တယ် နောက် တခု ဒီ တတိယအကြိမ် ၂၁ ရာစု ပင်လုံက ထွက်လာတဲ့အချက်တွေကို ကျနော်တို့က ဒီလားဟူတွေကို ချပြ တာဖြစ်တဲ့အတွက် ဒီလားဟူလူထုလည်း ပိုသိအောင်၊ နိုင်ငံတော်အစိုးရလည်း ဒီ လက်နက်ကိုင်အဖွဲ့အစည်း နိုင်ငံရေးပါတီ ဘာတွေ ဘယ်လိုလုပ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံအတွက် ဘာတွေလုပ်နေတယ်ဆိုတဲ့ အဲ့ဒါကို ပိုသိအောင် ကျနော်တို့က လုပ်ရတဲ့အတွက် တော်တော်လေးတော့ အရေးကြီးပါတယ်ပေါ့၊ နောက်တခု ကြတော့ ဒီဟာလုပ်ရင်းဖြင့် ကျနော်တို့ လားဟူ ကြားထဲမှာလည်း ပိုပြီးမှ ဒီ ကိုယ့်ရဲ့ အမျိုးသားရေးကိစ္စ မြန်မာနိုင်ငံ ရေးကိစ္စမှာ ပိုပြီး စိတ်ဝင်စားလာနိုင်အောင် ကျနော်တို့ ဆွဲခေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့သည် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA ကို မွန်ပြည်သစ်ပါတီ NMSP အဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။