တပ်မတော်နှင့် KIA တိုက်ပွဲပြန်လည် ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

အစိုးရ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား အောက်တိုဘာလ ၁၁ ရက်နေ့က တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ ၅ လခန့် ရပ်တန့်နေရာမှ ပြီးခဲ့သည့် ရက်ပိုင်းက မြစ်ကြီးနားမြို့နယ် ဆင်ဘိုဒေသတွင် ပြန်လည်ဖြစ်ပွားလာသည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။။

“၁၀ လ ၁၁ ရက်နေ့ မနက် ၈ နာရီလောက်မှာဖြစ်တယ်။ ဧရာဝတီ ပထမမြစ်ကျဉ်း ဆင်ဘိုနားမှာ ကျနော်တို့ KIA တပ်ရင်း ၅ ရဲ့ ရှေ့တန်းပို့စ်နေရာမှာဖြစ်တယ်။ KIA တပ်ရင်း ၅ တပ်မဟာ ၈ ဖြစ်တာကတော့ ၂၅ မိနစ်လောက် ကြာတယ်လို့ပြောတယ်။”

အစိုးရတပ်မတော်၏ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၁၊ ၂၅၉ တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ် သည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ဆက်ပြောသည်။

၎င်းတို့နေထိုင်ရာ ဒေသဖက်သို့ အစိုးရတပ်မတော်မှ ထိုးတက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ် သည်ဟု KIO က ပြောသည်။

ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KIO က ဆိုသည်။

“ကချင်ပြည်နယ် ဖက်မှာတော့ တော်တော်များများနေရာတွေမှာကတော့ ငြိမ်ပါတယ်။ ဒါပေမယ့် ရှမ်းပြည် မြောက်ပိုင်းမှာကတော့ ကြိုကြားကြိုကြား ဖြစ်တယ်လို့ ကြားပါတယ်။ တပ်မဟာ ၄ တို့ တပ်မဟာ ၆ တို့ အဓိက ကတော့ တပ်မဟာ ၄ နေရာမှာ ကြိုကြားကြိုကြားဖြစ်တယ်လို့ ကြားပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

အစိုးရဖက်မှ အခြားဒေသများတွင် တပ်အင်အားတိုးချဲ့မှုများ မရှိသော်လည်း ဆင်ဘိုဒေသဖက်သို့ တပ်အင်အားများ ဖြည့်တင်းထားသည့်အတွက် ပွင့်လင်းရာသီတွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု KIO/KIA က ပြောသည်။

“တပ်မတော်ဖက်ကနေ စစ်ရေးအခြေအနေက ဘယ်လိုလဲတော့ မသိဘူးပေါ့နော။ ဒါပေမယ့် ခုနက ပြောသလို ဆင်ဘိုဖက်မှာကတော့ သူတို့က တပ်အင်အားတွေ စစ်အင်အားတွေ တိုးထားတာရှိတယ်။ နောက်ထပ်တိုးထား တာပေါ့။ ပြန်မရုတ်သေးဘူးဆိုတော့ သူတို့အစီအစဉ်က ခန့်မှန်းဖို့ နည်းနည်းခက်တာပေါ့။ တကယ်လို့များ မရုတ်လို့ ရှိရင်တော့ တိုက်ပွဲက ပြန်ဖြစ်မှာပေါ့” ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA သည် တအာန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA / ကိုးကန့်) အဖွဲ့တို့နှင့် စစ်ရေးမဟာမိတ်ဖွဲ့ထားပြီး “ဝ” ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ်သည်။