ရှမ်းနှင့် အခြား တိုင်းရင်းသားများလည်း ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကြုံကြရသည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၇ ရက်။

ရခိုင်ပြည်နယ်ရှိ (ရိုဟင်ဂျာ) မွတ်စလင်များအပေါ် တပ်မတော်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ် ဆောင် ခဲ့သကဲ့သို့ ရှမ်းအပါအဝင် အခြားတိုင်းရင်းသား ဒေသများတွင်လည်း ထိုကဲ့သို့ လုပ်ဆောင်မှုမျိုး ရှိခဲ့သည်ဟု ရှမ်းလူမှု့ အဖွဲ့ အစည်းများက စွပ်စွဲပြောဆိုလိုက်သည်။

ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာ နယ်စပ်) ကော်မတီဝင် စိုင်းလင်းက “တိုင်းရင်းသားတွေ ခံနေရတဲ့ ကိစ္စတွေဟာ အရင်တုန်းကလည်း ခံခဲ့ရတယ်။ အခုလည်း ခံနေရတယ်။ ဒါပေမယ့် ရိုဟင်ဂျာနဲ့ မတူတာက ရိုဟင်ဂျာက တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ လိုဖြစ်သွားတဲ့ ကိစ္စဖြစ်တော့ ကမ္ဘာ လည်း အာရုံအရမ်းစိုက်တယ်။ တကယ်တမ်း အခု ရိုဟင်ဂျာနဲ့ ရခိုင်တွေမှာပဲ လုပ်တာ မဟုတ်ဘူး ရှမ်းတွေ ကချင်တွေ ကရင်တွေ မွန်တွေဆီမှာလည်း အဲလိုမျိုး လုပ်တာရှိခဲ့တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၂၃ နှစ်က ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကွန်ဟိန်း မြို့နယ်၊ ဆိုင်းခေါဝ်ကျေးရွာနှင့် တတ်ဖှါ့ဟို့ ကျေးရွာမှ ဒေသခံ ၅၆ ယောက်ကို တပ်မတော်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း နှင့် ဒေသခံ လေးသိန်းကျော်ကို ၎င်းတို့၏ နေရပ်မှ အတင်းအဓမ္မ မောင်းထုတ်ခဲ့သည့် ဖြစ်စဉ်များကို အခြေခံ၍ ရှမ်းလူမှု့အဖွဲ့အစည်းများက ထောက်ပြ ပြောဆိုခြင်း ဖြစ်သည်။

စိုင်းလင်းက “အဲဒီအချိန်တုန်းကတော့ ဆက်သွယ်ရေးကိစ္စ ဆက်သွယ်ရေး လမ်းကြောင်းတွေက ဒီလိုမျိုး ခေတ်မမှီသေး ဘူးဆိုတော့ ကြာလည်း ကြာသွားပြီဆိုတော့ ဒါတွေက မေ့မေ့ပျောက် ပျောက် လိုဖြစ်လာ တာပေါ့နော်။ ပြီးတော့ နံပါတ်တစ်စာရင်းက ရိုဟင်ဂျာကိစ္စ နံပါတ်နှစ်ဆိုရင် အခု ရခိုင်မှာ ဖြစ်နေတဲ့ကိစ္စ ကမ္ဘာကနေရော မြန်မာပြည် တစ်ပြည်လုံးမှာရော သူတို့အာရုံစိုက်နေတဲ့ ကိစ္စဖြစ်တာပေါ့နော်။ အဲတော့ တစ်ခြား ရှမ်း ကချင်ပြည်နယ် ချင်း ကရင်ပေါ့ တစ်ခြားကိစ္စတွေကျတော့ နည်းနည်းလေး မှေးမှိန်သလို ဖြစ် လာတဲ့အခါကျတော့ အဲဒီကိစ္စက တစ်ကယ်ဖြစ်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အတွင်းရေးမှူးချုပ် စိုင်းလ ကလည်း “ရှမ်းပြည်နယ်မှာ ၉၆၊ ၉၇၊ ၉၈ အဲ့ဒီနှစ်တွေမှာ အဆိုးရွားဆုံး အနေအထား ရောက်ခဲ့တာပေါ့နော်။ စတင်လာတာတော့ ၁၉၅၈ ဝန်းကျင် တရုတ်ကျူးကျော်လာတာအကြောင်းပြပြီးတော့ ရှမ်းပြည်မှာ ဒီလိုမျိုး မတရားမှုတွေ ဆက်တိုက်ဆိုသလိုဖြစ် လာတယ်။ တချိန်တည်းတပြိုင်တည်းမှာပဲ ကရင်ပြည်နယ်လိုမျိုး၊ ကချင်ပြည်နယ်လိုမျိုးကလည်း ရှိခဲ့တာပဲ လေ။ အခုနောက်ဆုံးတော့ လောလောလတ် လတ်ဖြစ်နေတာက ရခိုင်ပြည်နယ်လိုမျိုး ချင်းပြည်နယ် ပလက်ဝမြို့နားတဝိုက်ပေါ့နော် အဲ့လိုမျိုး လူ့အခွင့်အရေးတွေ ဆုံးရှုံးတာ၊ လူမှု တရားမျှတမှုတွေ ဆုံးရှုံးနေတာ ပျောက်ဆုံးနေတာ နှစ်ဆယ်ချီပြီးတော့ ဖြစ်နေပါပြီ” ဟု ပြောသည်။

ဇွန်လ ၁၆ ရက်နေ့က ရှမ်းလူမှု့ အဖွဲ့အစည်း ၁၇ ဖွဲ့၏ တရားမျှတမှုအတွက် မျှော်လင့်နေဆဲဖြစ်သည့် ရှမ်း ပြည်တောင်ပိုင်း နမ့်ပန်မြစ်ဝှမ်း ဆိုင်းခေါဝ် နှင့် တတ်ဖှါ့ဟို့ တွင် ကျေးလက်လူထု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အောင့်မေ့ဖွယ်နေ့ရက် ခေါင်းစဉ်ဖြင့် ပူးတွဲသဘောထား ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် ၁၉၉၇ ဇွန်လ ၁၆ ရက် က သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် တွင် အမျိုးသမီးများ၊ ကလေးသူငယ်များ အပါအဝင် ကျေးလက်ရွာသူရွာသား ၅၆ ဦးကို ဆိုင်းခေါဝ် နှင့် တတ်ဖှါ့ဟို့ အရပ်၌ စစ်အစိုးရ တပ်မတော်က သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားသည်။

“၁၉၉၇ ခုနှစ်မှာ ဖြတ် ၄ ဖြတ်ကာလ သူတို့ရွာက လူတွေ မောင်းထုတ်ခံရတာပေါ့ မောင်းထုတ်ခံရတော့ သူတို့က အဲလိုမောင်းထုတ်တယ်ဆိုတာ သူတို့က အချိန်က တအားနည်းတယ်လေ ပေးတဲ့အချိန်က တ အားနည်းတော့သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မယူသွားနိုင်ဘူး ကိုယ်လွတ်ထွက်သွားတာပေါ့။ ထွက်သွားပြီး တော့ နောက်ရက်နည်းနည်းကြာတော့ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေ အဲမှာ စပါးတို့ ဘာတို့ပေါ့နော် အဲဒါလေးတွေကို ပြန်လာယူတယ် ဆိုပြီးတော့ သူတို့လာကြတာပေါ့။ ပြန်လာယူတာလာတော့ အဲဒီမှာ မြန်မာ့တပ်မတော်နဲ့ ပက်ပင်းသွားတိုးပြီးတော့ အဲဒီ ၅၆ ယောက်ကို မိန်းမ ယောက်ျား အသက်ကြီး အသက်ငယ် သက်လတ် အကုန်ပါတယ်။ အဲဒါကို သူတို့က သတ်ပစ်လိုက် တာပေါ့ အဲဒီမှာ သတ်ပစ်လိုက်တာ အကုန်လုံး အသတ်ခံရတာပေါ့” ဟု စိုင်းလင်းက ပြောသည်။

အစိုးရ၏ စစ်တပ်ထံမှ ခွင့်ပြုချက်ဖြင့် ဒေသခံများက ၎င်းတို့၏ ပစ္စည်းများကို ပြန်သွားသယ်ယူပြီး နမ့်ပန် မြစ်ကြောင်းအတိုင်း နွားလှည်းများဖြင့် ပြန်တက်လာရာ လမ်းတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရွာသူရွာသား ၂၉ ဦးအား မြန်မာတပ်မတော် စစ်ကြောင်း ခြေလျင်တပ်ရင်း ခလရ ၂၄၆ က ဆိုင်းခေါဝ် သုဿန်မှာ ပစ်သတ်ခဲ့သည်။ ထို့အတူ ရွာသူရွာသား ၂၇ ဦးကို ၎င်းတို့ ဆန်စပါး သယ်လာသည့် နွားလှည်း တန်းနှင့်အတူ မြန်မာ့ တပ်မတော် စစ်ကြောင်း ခြေမြန်တပ်ရင်း ခမရ ၅၁၃ က တတ်ဖှါ့ဟို့ ရေတံခွန်အနီး တွင် ပစ်သတ်ပြီး ၎င်းတိုးလှည်းများနှင့်အတူ မီးရှို့ခဲ့သည်ဟု ရှမ်းလူမှု့အသင်းအဖွဲ့များက ပြောသည်။

၁၉၉၆-၁၉၉၈ ကာလက သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် ၁၁ မြို့ထဲက မြို့ပေါင်း ၁၅ မြို့၊ အတွင်း စစ်အစိုးရ တပ်မတော်မှ နယ်မြေ ရှင်းလင်း သုတ်သင်မှုကြောင့် ကျေးလက်လူထု ၄ သိန်းကျော် နေရပ်စွန့်ခွါခဲ့ရပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်း အဓမ္မပြုကျင့်ခြင်းတို့ကို ခံခဲ့ရသည်ဟု ဆိုသည်။ သို့သော် ယနေ့အချိန်အထိ တရားမျှတမှု တစ်စုံတစ်ရာ မရရှိသေးဟု ရှမ်းလူမှု့အသင်းအဖွဲ့များက ပြော သည်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အတွင်းရေးမှူးချုပ် စိုင်းလ က “ဒီဥစ္စာကို ကျနော်တို့က လစ်လျူ ရှုနေမယ် လူ့အခွင့်အရေးသမားတွေ ပြောတာ အလကားပါကွာ ဒါတွေကတော့ သက်သက်ဖွ တာပါဆိုတဲ့ အမြင်မျိုးနဲ့ မကြည့်ပဲနဲ့ အစိုးရကိုယ်တိုင်က သေချာစစ်တမ်းလုပ်ပြီးတော့ ဘယ်လိုကုစားရင်ရမလဲ ဆိုတာကို ချက်ချင်း အဖြေမရှာလို့ရှိရင် ကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်ကို ကြီးစွာပဲထိခိုက် မယ်။ အဲ့ဒါကြောင့် ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် အဲ့ကိစ္စတွေကို လစ်လျူရှုထားပဲနဲ့ အရေးယူ ဂရု စိုက်ပြီး ဖော်ထုတ်ရမယ်။ အရေးယူသင့်ရင် အရေးယူရမယ်။ ကုစားသင့်ရင် ကုစားရမယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ တပ်မတော်ဖက်မှ သဘောထားကို သိရှိနိုင်ရန် တပ်မတော် သတင်း မှန် ပြန်ကြားရေး တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း မရသေးပေ။

ထို့အပြင် ကွန်ဟိန်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၀၀ ကျော် ရွာပျက် အနေထားတွင် ရှိနေသေးသည့်အပြင် အပြစ်မဲ့လူထုအား အဓမ္မပြုကျင့်၊ သတ်ဖြတ် ၊ ပြောင်းရွှေ့ခိုင်းခွင့်ရထားသည့် မြန်မာစစ် ကြောင်းများ ကလည်း ထိုဒေသအတွင်း ယနေ့တိုင် အခြေစိုက်သွားလာလှုပ်ရှားမှု ရှိနေသေးသဖြင့် နေရပ်မှ စွန့်ခွါသူများ မှာ နေရပ်မပြန်ရဲကြသေးဘဲ ထိုင်းနယ်စပ် တလျှောက်တွင် ဒုက္ခသည် ဘဝဖြင့် အနှစ် ၂၀ ကျော် ခိုလှုံ နေ ထိုင် နေရသည်မှာ ယနေ့အချိန်အထိဖြစ်သည်ဟု ရှမ်းလူမှု့အသင်းအဖွဲ့များ၏ သဘောထား ထုတ်ပြန်ချက် က ဆိုသည်။