အသတ်ခံရတော့မည့် ကိုလံဘီယာ ရေမြင်းများကို အိန္ဒိယ သူဌေးသား ကယ်တင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်။ 

ကိုလံဘီယာ အစိုးရက သုတ်သင် သတ်ဖြတ်တော့မည့် ရေမြင်း အကောင်ရေ ၈၀ ကို အိန္ဒိယဘီလီယံနာသူဌေးကြီး Mukesh Ambani ၏ သားဖြစ်သူ Anant Ambani က ကယ်တင်ပြီး အိန္ဒိယကို ခေါ်ယူစောင့်ရှောက်ရန် ကမ်းလှမ်းလိုက်ကြောင်း  CNN သတင်းတွင် ဖော်ပြထားသည်။ 

ကိုလံဘီယာနိုင်ငံတွင် ဂေဟစနစ် ထိခိုက်မှုများကြောင့် သုတ်သင်ဖယ်ရှားခြင်း ခံရတော့မည့် ရေမြင်းအကောင် ၈၀ အား အိန္ဒိယနိုင်ငံရှိ ၎င်း၏ ပုဂ္ဂလိကပိုင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် လက်ခံစောင့်ရှောက်ရန် အိန္ဒိယ ဘီလီယံနာ အမွေဆက်ခံသူ Anant Ambani က ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

ယင်းရေမြင်းများသည် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ကိုလံဘီယာ မူးယစ်ရာဇာ Pablo Escobar က ၎င်း၏ ကိုယ်ပိုင်တိရစ္ဆာန်ရုံအတွက် တရားမဝင် တင်သွင်းခဲ့သည့် တိရစ္ဆာန်များမှ ဆင်းသက်လာခြင်း ဖြစ်သည်။

မူလက ကောင်ရေအနည်းငယ်သာ ရှိခဲ့သော်လည်း လက်ရှိတွင် အကောင်ရေ ၁၆၀ ခန့်အထိ တိုးပွားလာပြီး ဒေသရင်း မျိုးစိတ်များနှင့် ဂေဟစနစ်ကို အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိသည်။

ထို့ကြောင့် ကိုလံဘီယာ အစိုးရက ရေမြင်းများအား သုတ်သင်ရှင်းလင်းရန် စီစဉ်နေခြင်း ဖြစ်သည်။ 

Anant Ambani သည် အိန္ဒိယက နာမည်ကျော် သူဌေးကြီး Mukesh Ambani ၏ သားတစ်ဦးဖြစ်သည်။ Mukesh Ambani သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကကုမ္ပဏီကြီး ဖြစ်သော Reliance Industries Limited (RIL) ၏ ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သည်။ သူသည် အာရှတွင် အချမ်းသာဆုံးစာရင်းဝင် ဖြစ်ရုံသာမကဘဲ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦးစာရင်းတွင်လည်း မကြာခဏ ပါဝင်လေ့ရှိသူ ဖြစ်သည်။ သူသည် ဘုံဘေမြို့ရှိ အထပ်ပေါင်း ၂၇ ထပ်ရှိပြီး အမြင့်ပေ ၅၇၀ ကျော်ရှိသည့် ကမ္ဘာ့ ဈေးအကြီးဆုံး အိမ်ကြီးကို ပိုင်ဆိုင်သူလည်း ဖြစ်သည်။ သူ၏ အိမ်ကြီးတွင် ရုပ်ရှင်ရုံ၊ ရေကူးကန်ဦ ရဟတ်ယာဉ်ကွင်း ၃ ခုနှင့် ကား အစီးရေ ၁၆၀ ဆန့်သော ဂိုဒေါင်များ ပါဝင်သည်။ 

Anant Ambani မှာ Mkesh ၏ သားထွေး ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်ရှိ ၎င်းတည်ထောင်ထားသော Vantara တိရစ္ဆာန် ကယ်တင်ရေးစင်တာတွင် အဆိုပါ ရေမြင်းများကို လက်ခံလိုခြင်းဖြစ်သည်။ 

ယင်းစင်တာသည် မျိုးစိတ်ပေါင်း ၂,၀၀၀ ကျော်နှင့် တိရစ္ဆာန်ပေါင်း ၁ သိန်းခွဲကျော်ကို ပြုစုစောင့်ရှောက်ပေးနေသည့် နေရာဖြစ်သည်။

ရေမြင်းများအတွက် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော နေရာကို အထူးဖန်တီးပေးမည်ဖြစ်ပြီး တိရစ္ဆာန်များ၏ သက်တမ်းတစ်လျှောက်လုံးကို လူသားဆန်စွာ စောင့်ရှောက်သွားမည်ဟု Ambani က ကတိပြုထားသည်။

ကိုလံဘီယာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ ရေမြင်းများကို မထိန်းချုပ်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် အကောင်ရေ ၅၀၀ ကျော်အထိ တိုးပွားလာမည်ဖြစ်ပြီး ဒေသရင်း ရေဝက် (Manatee) နှင့် လိပ်များ၏ ရှင်သန်မှုကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။

အစိုးရအနေဖြင့် ရေမြင်းများကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သော်လည်း နိုင်ငံတကာ ကန့်သတ်ချက်များနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် မအောင်မြင်ခဲ့ဘဲ အကောင် ၈၀ ကို သုတ်သင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ရာမှ ယခုအခါ ကယ်တင်ရှင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။