အရပ်သားများ သတ်ဖြတ်ခံရသည့်နေ့ကို ရှမ်းအမျိုးသား လူအခွင့်အရေးနေ့ဟု CSSU ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဇွန်လ ၁၇ ရက်။

ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်း အရပ်သားပြည်သူ ၅၆ ဦး သတ်ဖြတ်ခံခဲ့ရသည့်နေ့အား ရှမ်းအမျိုး သား လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်လိုက်ကြောင်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) က ပြော သည်။

၁၉၉၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်း က အပြစ်မဲ့ပြည်သူ ၅၆ ဦး (ဖာဟိုရေတံခွန်အနီးတွင် ၂၇ ဦး၊ ဆိုင်းခေါင်ရွာသား ၂၉ ဦး)တို့ သတ်ဖြတ်ခံရခြင်း၊ ၎င်းတို့၏ ကျွဲ နွား လှည်း များနှင့်အတူ မီးပုံရှို့ခံရခြင်း၊ လူပေါင်းသိန်းချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အဖြစ်အပျက် များ ကို အောက်မေ့သတိရသည့်အနေဖြင့် ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု CSSU အတွင်းရေးမှူး ချုပ် စိုင်းလ က ပြောသည်။

“ဒီအခြေအနေတွေ အကုန်လုံးဟာ ဘာကြောင့်ဖြစ်လဲဆိုတော့ လူမှုတရားမျှတမှုမရှိဘူး။ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်ရတာလို့ သုံးသပ်တယ်။ အဲ့တော့ အခုလိုမျိုးနိုင်ငံတော် အစိုးရကနေပြီးတော့မှ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့အချိန်မှာ တချိန်တုန်းက မှားခဲ့တဲ့ ကျူးလွန်ခဲ့ တဲ့ အပြစ်တွေကို ထုတ်ဖော်ဝန်ခံမယ်ဆိုလို့ရှိရင် ရှေ့လျှောက် ဒီလိုအဖြစ်မျိုး ထပ်ပြီး မကြုံရအောင် ရှောင်ရှား နိုင်ဖို့ အတွက် သတိပြုမိမယ်လို့ ကျနော်တု့ိ မြင်တာပေါ့နော်။ နောက်အဲ့လို ကျူးလွန်ခံခဲ့ရတဲ့လူတွေနဲ့ ကျန်ရစ် ခဲ့တဲ့ သူတို့မိသားစုတွေ ဖြေသိမ့်နိုင်အောင် ဆိုပြီး အဲ့ဒီသေဆုံးသွားတဲ့လူတွေကို သတိရအောက်မေ့တဲ့အနေနဲ့ ရှမ်း လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်လိုက်ရခြင်း ဖြစ်ပါတယ်။”

ရှမ်းပြည်နယ်တွင် ၁၉၉၆ ခုနှစ် မှ ၁၉၉၈ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုမြောက်သည့် ကျူးလွန်မှုများကို အဆိုး ရွားဆုံးနှင့် အကျယ်ပြန့်ဆုံး ထိခိုက်ခံစားခဲ့ရပါသည် ဟု CSSU ၏ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည့် ထုတ်ပြန် ကြေညာချက်ထဲတွင် ပါရှိသည်။

“လူမှုတရားမျှတမှုတွေမရှိလို့၊ တရားဥပဒေ စိုးမိုးမှုတွေမရှိလို့ အခုလိုမျိုး အဖြစ်ဆိုးကြီးကို ကြုံခဲ့ရတာပေါ့နော်။ အဲ့တော့ အပြစ်မဲ့ပြည်သူတွေ တပ်နှစ် ဖက်ကြားထဲက မြေဇာပင်လိုမျိုး ကျူးကျော်စော်ကားခံရတယ်၊ အသတ်ဖြတ်ခံရတယ်။ မောင်းထုတ်ခံရတယ်။ ရွှေ့ပြောင်းခံရတယ်ပေါ့ဗျာ။ နောက်အရေအတွက် အားဖြင့် လည်း မနည်းဘူး”

ထို့အပြင် ရှမ်းပြည်တောင်းပိုင်းရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ ကျေးရွာပေါင်း ၁၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ လေးသိန်းကျော် ထွက်ပြေးတိန်းရှောင်ခဲ့ရသည်ဟု စိုင်းလ က ဆက်ပြောသည်။

“ရွာပေါင်းက ၁၄၀၀ ကျော်၊ လူဦးရေပေါင်း လေးသိန်းကျော် ထွက်ပြေးတိမ်းရှောင်ရတယ်။ နောက်တစ်နေရာ ထဲမှာပဲ စုပေါင်းအသတ်ခံရတာ က ၅၆ ယောက်တောင် ရှိတယ်ပေါ့နော်။ အမျိုးသမီးတွေလည်း လူပေါင်း ၆၀၀ ကျော်ကလည်း အဓမ္မပြုကျင့် ခံခဲ့ရတယ်။ နှိပ်စက်ညှင်းပန်းခံရရင်းနဲ့ အသက်ဆုံးရှုံးသွားတာတွေရှိတယ်။ လူဦးရေ လေးသိန်းကျော်က အိုးမဲ့ အိမ်မဲ့ထွက်ပြေးသွားရတာပါ။ တချို့ကလည်း ပြည်တွင်းမှာနေတယ်။ တချို့ကတော့ ထိုင်းနိုင်ငံကို ရောက်သွား တယ်”

ရှမ်းပြည်နယ် တောင်ပိုင်းက ကွန်းဟိန်းမြို့အပါအဝင် မြို့ပေါင်း ၁၅ မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများသည် ယခုခါ မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် နေထိုင်နေကြ ရ သည်။ ထို့အပြင် အချို့မှာ နိုင်ငံတကာသို့၎င်း၊ အချို့ မှာ ပြည်တွင်းက စစ်ဘေးလွတ်ရာ လုံခြုံမှုရှိသည့် နေရာ များသို့၎င်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်းကျော် ရှမ်းစစ်ဘေးရှောင်စခန်း တာဝန်ခံ စိုင်းလင်း က “နေရပ်ပြန်ရေး အိမ်ပြန်ရေး ကလည်း ဦးတို့အမြင်က နံပါတ်တစ်က ရှမ်းပြည်မှာ တကယ်တမ်းစစ်မှန်တဲ့ ငြိမ်းချမ်းရေး မရှိသေးဘူး။ နောက် ပြီး အဲ့ဒီနေရာတွေမှာ နဂိုကလည်း အစိုးရတပ်တွေရှိတယ်။ အခုက နဂိုထပ် ပိုများလာပြီ။ တချို့ဒေသကတော့ ရေဝပ်ဧရိယာဖြစ်သွားမယ်။ မိုင်းတုံဆည်၊ တာဆန်းဆည်ကြောင့်ပေါ့နော်။ အားလုံးက ဒီအတိုင်းပဲ ထားခဲ့ပြီး ထွက်ပြေးလာရတာ။ ထိုင်းထဲကိုဝင်လာတာ” ဟု ပြောသည်။

၎င်းတို့အနေဖြင့် နေရပ်ပြန်ရေးလည်းမဖြစ်နိုင်သေးသလို ထိုင်းနိုင်ငံထဲတွင်လည်း အခက်အခဲများ ရှိနေသည်ဟု စိုင်းလင်း က ဆက်ပြောသည်။

“ထိုင်းထဲလာတဲ့လူတိုင်းကလည်း ထိုင်းကို ဝင်လို့မရဘူးလေ။ တချို့ က ထိုင်းထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ဝင်လို့ရသွားတယ်။ တချို့လည်း စာရွက်စာတမ်းအထောက်အထားမရှိတော့ ဖမ်းခံရတာတွေက ဒီနေ့ အချိန်ထိပဲ။ ချင်းမိုင်သွားရင်လည်း တွေ့ရမယ်၊ ဘယ်လမ်းပဲဖြစ်ဖြစ် ကျနော်တို့ရှမ်းတွေပဲ။ အဲ့လူတွေအများစုက ၉၈ လောက်က ထွက်ပြေးလာကြတဲ့လူတွေပဲ။ ထိုင်းထဲကို ဝင်လို့ မရတဲ့လူတွေက ဒုက္ခသည် စခန်းမှာ နေနေ ရတယ်။ အခု ဒီမှာလည်း ရိက္ခာတွေဖြတ်ခံထားရတော့ အခက်တွေ့တယ်။ ပြန်လို့လည်းမရဘူး ဖြစ်နေတယ်။ သူတို့ရွာတွေမှာ တပ်တွေများနေတော့ ရှာဖွေစားသောက်ဖို့ကလည်း ခက်သွားမယ်။ ခက်တာမဟုတ်ဘူး အဆင်ကို မပြေတော့တာ။”

ရှမ်းပြည်နယ် တောင်ပိုင်းမှ အဆိုပါ ဖြစ်စဉ်များတွင် ထွက်ပြေးခဲ့ရသည့် အပြစ်မဲ့ပြည်သူအချို့မှာ ယခုခါ ထိုင်း-မြန်မာ နယ်စပ်ရှိ ကုန်းကျော်၊ ကောင်းမုမိန်း၊ လွယ်ဆမ်စစ်(ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်းရှိ စစ်ရှောင်စခန်းအသီးသီးတွင် နေထိုင်နေကြရသည်။

ရှမ်းပြည်နယ်တွင် ၁၉၉၆ ခုနှစ် မှ ၁၉၉၈ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုမြောက်သည့် ကျူးလွန်မှုများကို အဆိုး ရွားဆုံးနှင့် အကျယ်ပြန့်ဆုံး ထိခိုက်ခံစားခဲ့ရပြီး ရှမ်းပါအဝင် အခြားသော တိုင်းရင်းသားပြည်နယ်များတွင် ယနေ့ အချိန်ထိ အဆိုပါ ကျူးလွန်မှုမျိုးကို အပြစ်မဲ့ ပြည်သူတွေအနေနဲ့ ခံစားနေရစဲဖြစ်သည့်အတွက် နှစ်ဖက်တပ်များ အနေဖြင့် ထိန်းသိမ်းကြဖို့ လိုအပ်သည်ဟု ပြောသည်။

CSSU အတွင်းရေးမှူးချုပ် စိုင်းလ က “အစိုးရပဲဖြစ်ဖြစ် တပ်မတော်ပဲဖြစ်ဖြစ်ပေါ့နော်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် အပြုမူလုပ်ရပ်မျိုးကို သူတို့ကိုယ်တိုင်က မကျူးလွန်သလို တခြားတဖက်မှာလည်း သူတို့နဲ့ ပြိုင် ဘက်အဖွဲ့အစည်းတွေလည်း မကျူးလွန် မဖောက်ဖျက်ရအောင် နှစ်ဖက်စလုံးက ထိန်းသိမ်းကြဖို့ ဝတ္တရားရှိ တာပေါ့နော်။ နောက်ကျူးလွန်ဖောက်ဖျက်တဲ့လူတွေကို ဖော်ထုတ်ပြီးတော့မှ အပြစ်ရှိရင်လည်း ရှိတဲ့အတိုင်း ဝန်ခံပြီးတော့မှ တောင်းပန်တာမျိုး အပြစ်ဝန်ခံတာမျိုးက မလွှဲမသေလုပ်ရမယ်” ဟု ပြောသည်။

“ပြီးခဲ့တဲ့အစိုးရအဆက်ဆက်ကနေ ဒီနေ့အထိပေါ့နော် အဲ့လိုမျိုး ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို အရေးယူတာမျိုး ဝန်ခံတာမျိုး တောင်းပန်တာမျိုး တစ်ခါမှလုပ်ခဲ့တယ်လို့ ကျနော်မကြားဖူးဘူး။ အဲ့ဒါတွေက လုပ်ဖို့လိုတယ်။ အဲ့ဒါမှသာလျှင် နောက်နောင်ဒီလိုအဖြစ်ဆိုးမျိုးမဖြစ်အောင် ရှောင်ရှားနိုင်ဖို့ အထောက်အပံ့ဖြစ်မယ်လို့ ကျနော် ယုံကြည်တယ်။”

အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်နစ်နာရသည့် ဖြစ်စဉ်မှာ ရာစုနှစ် တဝက်ကျော်ရှိပြီဖြစ်ပြီး ယနေ့အချိန်ထိလည်း စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသည်ဟု CSSU က ဆိုသည်။

ထို့အပြင် အမျိုးသားရေးတန်းတူရေးအပေါ် အခြေခံသည့် စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခဲ့သည့် အတွက် ပြည်တွင်းငြိမ်းချမ်းရေးသည်လည်း ယနေ့အထိတိုင် ပီပီပြင်ပြင် ဖြစ်ထွန်းနိုင်ခြင်း မရှိသေးဘူး ဟု CSSU က ထုတ်ပြန်ထားသည်။

ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA၊ ဆိုင်ကျော့ ပြည်သူ့စစ်အဖွဲ့ပါဝင်သော ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ) SNDP၊ နှင့် ရှမ်းရှေ့နေကွန်ရက် အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ ပါဝင်ပြီး ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။