မြိတ်တွင် အဖမ်းခံထားရသူ ဇနီးမောင်နှံ ပြန်လည် လွတ်မြောက်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
မြိတ်မြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်သူ ဇနီးမောင်နှံ ၆ ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာသည်။
ဗုံးပေါက်ကွဲမှု တစ်ခုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည ၈နာရီခွဲအချိန်က ပြန် လွတ်လာခြင်း ဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသည့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်သူ ဦးထွန်းမင်း က ပြောသည်။
ပြန်လွတ်လာသူ ဦးထွန်းမင်း က “ရိုက်နှက် အကြမ်းဖက် စစ်ဆေးတာတော့ မရှိဘူး။ ကိုယ်က လူမှုရေးပရဟိတ သက်သက်လုပ်တာပဲ ရှိတယ်။ ဘာမှ လုပ်မထားတော့ ဘာမှမဖြစ်ပါဘူး။ အေးအေးဆေးဆေး စစ်ဆေးမေးမြန်း တာ လောက်ပါပဲ” ဟုပြောသည်။
မြိတ် မြို့သစ်ရပ်၊ ဦးမြတ်လေးလမ်းမကြီး အထက်တန်းကျောင်း အမှတ်( ၇)အရှေ့တွင် နိုဝင်ဘာလ ၅ ရက်နေ့၊ ညက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားသည့် အနီးတွင်နေထိုင်သူ အိမ်ထောင်ဦးစီး ဦးထွန်းမင်း အပါအဝင် မိသားစုဝင်လေးဦးကို စစ်တပ်နှင့်ရဲများမှ ည ၁၀ နာရီ အချိန်ခန့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မြိတ်လေတပ်ဌာနချုပ်ရှိ စစ်ကြောရေးသို့ ဖမ်းဆီးသွားပြီး CDM သမားများကို ထောက်ပံ့ပေးနေသူ၊ NLD ပါတီ အမာခံတစ်ဦး ဖြစ်သည်ဆိုသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်သည်ဟု ဦးထွန်းမင်း က ပြော သည်။
ဖမ်းဆီးခံရပြီးနောက် သမီးဖြစ်သူနှင့် မြေးဖြစ်သူတို့ နှစ်ဦးအား နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်လွှတ် ပေးခဲ့သော်လည်း ဦးထွန်းမင်းနှင့် ဇနီးဖြစ်သူ ဒေါ်စန်းစန်းတို့ ဇနီးမောင်နှံနှစ်ဦးကို ဆက်လက် ဖမ်းဆီးထားခြင်း ဖြစ်သည်။
စစ်ကောင်စီက ပြန်လွှတ်ပေးရာတွင် ရပ်ကွက်အတွင်း အေးအေးချမ်းချမ်း နေထိုင်ပြီး နိုင်ငံရေးနှင့် ဆက်နွယ်မည့် အလုပ်များ လုပ်ဆောင်ခြင်း ကင်းရှင်းပါမည်ဖြစ်ကြောင်းကို ခံဝန်ထိုးခဲ့ရသည်ဟု ဦးထွန်းမင်း က ပြောသည်။
အသက် ၆၀ နီးပါးခန့် ရှိသူ ဦးထွန်းမင်းသည် MABC မြိတ်စက်ဘီးနင်းအဖွဲ့တွင် ဒု-ဥက္ကဌ အဖြစ် တာဝန်ယူထားပြီး မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး အရပ်ဘက်အဖွဲ့နှင့် ထိပ်တန်း သမဝါယမအသင်းတို့တွင်လည်း ဦးဆောင်ပါဝင်နေသူတစ်ဦး ဖြစ်သည်။